close

အိန္ဒိယနိုင်ငံ ကာနာတာကာတွင် ကျောင်းနှင့် ကောလိပ်များ ၃ ရက်ပိတ်

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်မှာ ကျောင်းတွေနဲ့ ကောလိပ်တွေကို ၃ ရက်ပိတ်ဖို့ အမိန့်ပေးထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။

တချို့ကျောင်းတွေက မွတ်စလင် အမျိုးသမီးခေါင်းဆောင်း ဝတ်ထားတဲ့ ကျောင်းသူတွေကို ကျောင်းထဲဝင်ခွင့် ငြင်းတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြအပြီး ခုလို အမိန့်ထုတ်လိုက်တာပါ။

ဘန်ဂါလူရူမြို့မှာ တားမြစ်ပိတ်ပင်ချက်ကို ဆန့်ကျင် ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ရဲတွေကို ဆန့်ကျင်ပြီး အင်တိုက်အားတိုက် ဆန္ဒပြခဲ့ကြပါတယ်။ အနားမှာတော့ တားမြစ်ပိတ်ပင်ချက်ကို ထောက်ခံသူတွေက တန်ပြန်သပိတ် ဆင်နွှဲရင်း အဝတ်စတွေကို ဝှေ့ယမ်းနေခဲ့ကြပါတယ်။

အူဒူပီ ကမ်းရိုးတန်းမြို့မှာ ကျောင်းအတော်များများက ပညာရေးဝန်ကြီးဌာနရဲ့ အမိန့်လို့ ကိုးကားပြောဆိုရင်း မွတ်စလင် အမျိုးသမီးခေါင်းဆောင်း ဝတ်ထားတဲ့ ကျောင်းသူတွေကို ကျောင်းဝင်ခွင့် ငြင်းခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အရင်အပတ်က အစီရင်ခံခဲ့ပါတယ်။

ဒါကြောင့် မိဘတွေနဲ့ ကျောင်းသားတွေက ဆန္ဒပြခဲ့တာပါ။ ဟိန္ဒူဘာသာဝင် လူများစုဖြစ်တဲ့ ခါနာတာကာပြည်နယ်မှာ ဟိန္ဒူတွေ ဝတ်လေ့ရှိတဲ့ ဆာရီဝတ် ကျောင်းသူကျောင်းသားတွေက စာသင်ခန်းတွေထဲ တိုးဝင်လာပြီး ကျောင်းတွေရဲ့ တားမြစ်ပိတ်ပင်ချက်ကို ထောက်ခံကြောင်း ပြသခဲ့လို့ လတ်တလောရက်တွေမှာ ပြည်နယ်အတွင်း တင်းမာမှု ပိုမြင့်ခဲ့ပါတယ်။

ကာနာတာကာ ပြည်နယ်အစိုးရက ကျောင်းအားလုံးမှာ စီမံခန့်ခွဲရေးက ချမှတ်ထားတဲ့ ဝတ်စုံကို ဝတ်သင့်တယ်လို့ ဖေဖော်ဝါရီ ၅ ရက်က ပြောခဲ့တာပါ။ မွတ်စလင်ဦးရေ ၁၂ ရာခိုင်နှုန်းရှိတဲ့ ဒီပြည်နယ်မှာ လက်ရှိဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဟိန်ဒူ အမျိုးသားရေးဝါဒီ ပါတီ (BJP) က အုပ်ချုပ်ပါတယ်။

BJP အစိုးရဟာ ပြည်ထောင်စုအဆင့်မှာရော ပြည်နယ်အဆင့်မှာပါ ဘာသာရေး လူနည်းစုတွေကို ခွဲခြားဖိနှိပ်ပြီး အကြမ်းဖက်ဖို့ မီးမွှေးပေးနေတယ်လို့ အတိုက်အခံပါတီတွေနဲ့ ဝေဖန်သူတွေက စွပ်စွဲ ကြပါတယ်။

မိုဒီကတော့ သူ့ရဲ့ စီးပွားရေးနဲ့ လူမှုရေး မူဝါဒတွေက အိန္ဒိယပြည်သူ အားလုံးအတွက် အကျိုးဖြစ်စေတယ်လို့ ခုခံ ပြောဆိုပါတယ်။

မွတ်စလင် အမျိုးသမီးခေါင်းဆောင်း ဝတ်ဆင်တဲ့ ဓလေ့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘာသာရေး အာမခံ အနေနဲ့ ထည့်ပေးထားတဲ့ အခြေခံလူ့အခွင့်အရေး ဖြစ်တယ်လို့ ကျောင်းသား တယောက်က ဖေဖော်ဝါရီ ၈ ရက်နေ့ တရားရုံး ကြားနာပွဲအတွင်း အသနားခံစာထဲမှာ ဖော်ပြ ထားပါတယ်။

အမှုကို အပြီးသတ် အမိန့်မချမှတ်ရသေးပေမယ့် ငြိမ်းချမ်းတည်ငြိမ်ကြဖို့ တရားသူကြီးက မေတ္တာရပ်ခံ ထားပါတယ်။

အသနားခံစာကို ဒီနေ့ ရုံးချိန်းမှာ ဆက်လက်ကြားနာမယ်လို့ အသနားခံသူရဲ့ ရှေ့နေတယောက်က ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up