ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်မည့်အချိန် မရောက်သေးဟု WHO ပြော

ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲတွေ ထပ်ပြီးပေါ်လာဦးမှာဖြစ်လို့ ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်မယ့်အချိန်ကို မရောက်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ သိပ္ပံပညာရှင် အကြီးအကဲ ဆောင်မြဆွာမိနာသန်က ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
“ဗိုင်းရပ်စ်က ဆင့်ကဲပြောင်းလဲတာတွေ မျိုးဗီဇပြောင်းတာတွေကို ကျမတို့ မြင်ခဲ့ပြီးပြီ။ နောက်ထပ် ဗီဇမျိုးကွဲတွေ စိုးရိမ်စရာ ဗီဇမျိုးကွဲတွေ ပေါ်လာဦးမယ်ဆိုတာ ကျမတို့ သိတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ကပ်ဘေးရဲ့ အဆုံးဆီကို မရောက်သေးဘူး” လို့ ဆွာမိနာသန်က တောင်အာဖရိက နိုင်ငံမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဆွာမိနာသန်ဟာ WHO ညွှန်ချုပ် တေဒရိုအဒ်ဒါနွန် ဂေဘရီယေးဆပ်နဲ့အတူ တောင်အာဖရိက ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံကို သွားရောက်လည်ပတ်ချိန်မှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
တောင်အာဖရိကဟာ အိုမီခရွန်ဗီဇမျိုးကွဲ တွေ့ရှိကြောင်း နိုဝင်ဘာလမှာ ကမ္ဘာကို တပ်လှန့်ခဲ့တာပါ။
ဒီဗီဇမျိုးကွဲဟာ တကမ္ဘာလုံးကို ကူးစက်မှု ထပ်တိုးလာစေနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ပေါ်ထွက်လာခဲ့ပြီး အာဖရိကတောင်ပိုင်းကို ခရီးသွားမှု တားမြစ်ပိတ်ပင်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။