ယူကရိန်းကိုသိမ်းပိုက်မည့် ရုရှားကျူးကျော်စစ် အစီရင်ခံစာ အတည်မပြုနိုင်သေး

ရုရှားက ယူကရိန်းနိုင်ငံကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကျူးကျော်သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာနဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ အမေရိကန် အကြီးတန်းအရာရှိတွေက ဖေဖော်ဝါရီ ၁၃ ရက်နေ့ သတင်းဌာနတွေရဲ့ စကားဝိုင်းအစီအစဉ်တွေကနေ ပြောလိုက်ပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ အစီအစဉ်တွေနဲ့ပတ်သက်လို့ သိတာတွေကို မျှဝေရင်း မထင်မှတ်တဲ့ ဘယ်လို တိုက်ခိုက်မှုကိုမဆို ဟန့်တားဖို့ ကြိုးစားသွားမယ်လို့လည်း သူတို့က ပြောပါတယ်။
ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ဂျွန်ကာဘီက “ဒီအစီရင်ခံစာတွေကို အတည်ပြုနိုင်တဲ့ အနေအထားမှာ ကျနော် မရှိနေပါဘူး။ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုက ဘယ်နေ့မဆို ဖြစ်နိုင်တယ်။ သတင်းရင်းမြစ်ပေါင်းစုံကနေလာတဲ့ အကဲဖြတ် တွက်ချက်တာတွေပါ။ ထောက်လှမ်းရေးအတွင်းသတင်းသက်သက် မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ ကိစ္စတွေလည်း မဟုတ်နေဘူး”လို့ Fox News Sunday အစီအစဉ်ကို ခုလို ပြောခဲ့တာပါ။
ခုချိန်မှာ ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် အင်အား တသိန်းကျော်လည်း တပ်စွဲထားဆဲ ဖြစ်ပါတယ်။
စစ်ပွဲကိုရှောင်ဖို့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ရုရှားအစိုးရကြား သောင်မတင် ရေမကျ အနေအထားကို ဖြေရှင်းဖို့ သံတမန်ရေး ကြိုးစားနေကြချိန်မှာ ကာဘီက ခုလို မှတ်ချက်ပေးလာတာလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို စနေနေ့က စကားပြောခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒိုမြာဇေလန်စကီနဲ့လည်း ဆွေးနွေးဖို့ စီစဉ်ထားခဲ့တယ်လို့ အမေရိကန်နဲ့ ယူကရိန်းနဲ့ အရာရှိတွေက ပြောခဲ့ပါတယ်။