၄ လအတွင်း တရားမဝင်ဝင်ရောက်သူ ၁၃၃၉၀ ဦးနှင့် စိတ်ကြွဆေး ၇၁ သန်းကျော် ဖမ်းမိဟု ထိုင်း ထုတ်ပြန်

ထိုင်းနယ်စပ်မှာ ၄ လအတွင်း တရားမဝင် ဝင်ရောက်သူ ၁၃၃၉၀ ဦးနဲ့ စိတ်ကြွဆေးပြား ၇၁ သန်းကျော်အပါအဝင် မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိတယ်လို့ ထိုင်းကြည်းတပ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အိမ်နီးချင်းနိုင်ငံ နယ်စပ်တလျှောက်မှာ တရားမဝင်မှုနဲ့ ဥပဒေမဲ့လုပ်ရပ်တွေ နှိမ်နင်းဖို့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပေမယ့် ဥပဒေချိုးဖောက်မှု နေ့စဉ်တွေ့ရှိနေကြောင်း၊ အထူးသဖြင့် တရားမဝင် ဝင်ရောက်မှုနဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတာလို့ ထိုင်းကြည်းတပ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးဗိုလ်မှူး ဆီရိကျန်းငါးထောင်းန်က ကြည်းတပ်အစည်းအဝေးအပြီးမှာ ထုတ်ပြန်ပြောဆိုပါတယ်။
တရားမဝင် ဝင်ရောက်သူတွေမှာ မနှစ် ၂၀၂၁ အောက်တိုဘာက ၂၇၃၁ ဦး၊ နိုဝင်ဘာလမှာ ၃၉၀၉ ဦး၊ ဒီဇင်ဘာလမှာ ၃၅၀၄ ဦး၊ ၂၀၂၂ ဇန်နဝါရီလမှာ ၃၂၄၆ ဦး၊ ၄ လအတွင်း စုစုပေါင်း ၁၃၃၉၀ ဦး ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုအခြေအနေမှာ မနှစ် အောက်တိုဘာမှ ဒီနှစ်ဇန်နဝါရီလအတွင်း စိတ်ကြွဆေးပြားပေါင်း ၇၁၇၇၅၉၅၈ ပြား၊ ဆေးခြောက်အလေးချိန် ၂၄၁၂၇ ဒဿမ ၇၄ ကီလိုဂရမ်၊ အိုက်စ်ရေခဲဆေး ၁၂၁၈ ဒဿမ ၈၄ ကီလိုဂရမ် ၊ ဘိန်းဖြူ ၄၅ ဒဿမ ၃၀ ဂရမ်၊ ခေတာမင်း ၂၁၁ ကီလိုဂရမ်၊ ဘိန်းစိမ်း ၄၀ ကီလိုဂရမ် ဖမ်းမိတယ်လို့ ဆိုပါတယ်။