close

စစ်တပ်မီးရှို့သတ်ခဲ့သည့် ဂိုဒေါင်စောင့်အလုပ်သမား ၂ ဦးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၅၃ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၅၃ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၁၅၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၁၄၇ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၇၁၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ‌ဖေဖော်ဝါရီ ၁၄ ရက်က ရှမ်းပြည်နယ်၊ ရွာငံမြို့၊ နွားဘန်းကြီးကျေးရွာမှာ ခြံကနေ အိမ်ကို ပြန်လာတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကိုဇင်မင်းခိုင်ကို စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်ခဲ့ကြပြီး သူ့ရဲ့ ရုပ်အလောင်းကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ စံပြသုံးမိုင် ပကြဲကျေးရွာမှာတော့ ဖေဖော်ဝါရီ ၁၀ ရက်က အရပ်သား ၂ ယောက်ဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် စောကလိုစေးနဲ့ အသက် ၅၀ ကျော်အရွယ် ဦးဇွဲ တို့ကို စစ်အုပ်စုတပ်က မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ ၂ ယောက်ဟာ ဂိုဒေါင်စောင့်အလုပ်သမားတွေ ဖြစ်ကြပြီး မီးရှို့ခံရတဲ့ နေရာဟာ စောကလိုစေး နေထိုင်တဲ့ နေအိမ်ခြံထောင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up