close

နေပြည်တော်ရှိ အုပ်ချုပ်ရေးမှူးများ ချက်ချင်းနုတ်ထွက်ရန် မြို့ပြပြောက်ကျား မဟာမိတ်တပ် သတိပေး

ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော် ၈ မြို့နယ်ရှိ ရဲစခန်းမှူးတွေနဲ့ တရားသူကြီးတွေကို အပြင်းအထန် သတိပေးချက်ထုတ်ပြန်ပြီး ဗိုလ်ရှုသဘင် မပြုလုပ်ခင် နာရီပိုင်းအထိ ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့တဲ့ မြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစုများကွန်ရက်က အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ချက်ချင်း နုတ်ထွက်ဖို့ ထပ်မံသတိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြို့ပြပြောက်ကျားမဟာ မိတ်တပ်ပေါင်းစုများကွန်ရက်အနေနဲ့ လာမယ့် ရက်သတ္တပတ်အတွင်း နေပြည်တော် ၈ မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်တန့်စေရေး စစ်ဆင်ရေးတရပ်ကို ဖော်ဆောင်သွားမှာဖြစ်ပြီး ဒေါက်တိုင်အဖြစ် ဆက်လက်ရပ်တည်နေကြတဲ့ အုပ်ချုပ်ရေးမှူးတွေ အားလုံးရာထူးက ချက်ချင်းနုတ်ထွက်ကြဖို့ သတိပေးကြောင်းကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့ဘက်ရပ်တည်ပြီး လက်ရှိရာထူးက နုတ်ထွက်မှာလား၊ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်တဆုပ်စာအာဏာရူးတွေ စည်းစိမ်နဲ့ အာဏာတည်မြဲရေးအတွက် အသက်ကို စတေးမှာလား ဆုံးဖြတ်ရမယ့် နောက်ဆုံးအချိန် ရောက်ရှိလာပြီဖြစ်ပြီး အိမ်ထဲနေရင်တောင် လုံခြုံတယ်လို့ မခံစားမိစေရဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုများကွန်ယက်အနေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း နေပြည်တော် ၈ မြို့နယ်အတွင်းရှိ ရဲစခန်းမှူးတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုအသက်အိုးအိမ် မပျက်စီးချင်ရင် ပြည်သူနဲ့အတူပူးပေါင်းပြီး တရားမျှတမှုရှိရှိ လုပ်ဆောင်ဖို့ ပထမဆုံးနဲ့ နောက်ဆုံး အပြင်းအထန် သတိပေးကြောင်းနဲ့ တရားဥပဒေကို ချိုးဖောက်ပြီး မတရားစီရင်နေတဲ့ တရားသူကြီးတွေကိုလည်း မိမိရဲ့ မတရားစီရင်မှုအတိုင်း ပြန်လည် ပေးဆပ်ရမှာကို စဉ်းစားထားကြဖို့ အပြင်းအထန် သတိပေးကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုများကွန်ရက်အနေနဲ့ ဗိုလ်ရှုသဘင် မပြုလုပ်ခင် နာရီပိုင်းအထိ နေပြည်တော်ဇမ္ဗူသီရိ အမှတ်(၃)ရဲစခန်း၊ တပ်ကုန်းမြို့မဈေးအနီးနဲ့ ပျဉ်းမနားမြို့ ဂွကြားရပ်ကွက်(ဘိုးဘွားရိပ်သာအနီး)ရှိ ရေနံသိုလ်လောင်ရုံတို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းမှာလည်း ပျဉ်းမနားမြို့ ယောက်သွားအင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ပျဉ်းမနားမြ၀တီဘဏ်နဲ့ ပျဉ်းမနား အောင်မင်္ဂလာရပ်က ကြံ့ခိုင်ရေးပါတီရုံးတို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up