ချန်ပီယံဟောင်း ဘာစီလိုနာ ယူရိုပါလိဂ်ကစားနေရသဖြင့် ပရိသတ်များလှောင်ပြောင်

ဘာစီလိုနာအသင်းဟာ ၁၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ပွဲစဉ်ကစားခဲ့ရမှု အပေါ်ပရိသတ်တွေက လှောင်ပြောင်သရော်ခဲ့ကြပါတယ်။
ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တတိယနေရာသာ ရခဲ့တဲ့ ဥရောပချန်ပီယံဟောင်းဘာစီလိုနာဟာ တစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ်ပွဲစဉ်အနေနဲ့ နာပိုလီအသင်းနဲ့ မနေ့ညက ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ ဘာစီလိုနာက ဖယ်ရန်တောရက်စ်ရဲ့ ပင်နယ်တီချေပဂိုးနဲ့ အိမ်ကွင်းနူးကမ့်မှာ သရေရလဒ်သာကစားနိုင်ခဲ့ပါတယ်။
ပွဲမစတင်ခင် ကစားသမားတွေ ကွင်းထဲဝင်ရောက်ချိန်မှာ ယူရိုပါလိဂ်ပြိုင်ပွဲသီချင်းသံကြားရတာက ကသိကအောက်ဖြစ်ရတယ်လို့ ဘာစီလိုနာပရိသတ်တစ်ဦးက ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်ခဲ့ပါတယ်။
တခြားပရိသတ် တစ်ဦးကတော့ လွန်ခဲ့တဲ့ ၁ဝ နှစ်က ဥရောပရဲ့အကောင်းဆုံးအသင်းဟာ ယူရိုပါလိဂ်ကစားနေရတာက လက်ခံနိုင်စရာမရှိသေးဘူးလို့ ပြောပါတယ်။
ဖယ်ရန်တောရက်စ်ဟာ မန်စီးတီးမှာဆက်နေခဲ့ရင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကစားရဖို့ရှိပေမယ့် ဘာစီလိုနာကိုပြောင်းရွှေ့လာခဲ့လို့ ယူရိုပါလိဂ် ကစားနေရတာကိုကြည့်ရတာဟာလည်း ရယ်စရာကောင်းကြောင်း ပရိသတ်တစ်ဦးက ဟာသ လုပ်ခဲ့ ပါတယ်။
ယူရိုပါလိဂ်သီချင်းသံကြားရချိန်မှာ နောက်ခံလူ ပီကေးတစ်ယောက် ကွင်းထဲမှာ သေလောက်အောင်ခံစား နေရမယ်ဆိုတာသိတယ်လို့လည်း ပရိသတ်တစ်ဦးကလှောင်ပြောင် ခဲ့ပါတယ်။
ဘာစီလိုနာဟာ ယူရိုပါလိဂ်ထက် တစ်ဆင့်မြင့်တဲ့ ချန်ပီယံလိဂ်မှာ ၅ ကြိမ် ချန်ပီယံဖြစ်ခဲ့ ဖူးပါတယ်။