close

စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့သည့် ရဲညီအစ်ကို ၂ ဦး ထောင်ဒဏ် ၃ နှစ်ထပ်ချခံရ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က စစ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ခဲ့တဲ့ ရဲညီအစ်ကို ၂ ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူကာ ထောင် ၁ နှစ်ချမှတ်ထားပြီး လွတ်ရက်စေ့ခါနီးမှ ပုဒ်မ ၅၀၅ (က) နဲ့  တရားစွဲပြီး ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်လိုက်တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

“လွတ်ရက်သိပ်မလိုတော့ဘူး၊ အဲ့တာကို ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်တာ။ ပုသိမ်ထောင်မှာရှိတဲ့ ထောင်အရာရှိ ၃ ပွင့်နဲ့သူက တရားစွဲတာ၊ မတရားသဖြင့်လုပ်တာကို မတရားသူကြီးက အမိန့်ချတာလို့ပဲ ပြောချင်တယ်” လို့ ဖခင်ဖြစ်သူ ဦးသန့်စင်က ပြောပါတယ်။ 

ရဲညီအစ်ကို နှစ်ဦးကို ထောင်မချခင် ၃ လလောက်ကလည်း ပုသိမ်အကျဉ်းထောင်ထဲမှာ ၃ လလုံး တိုက်ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့တဲ့ ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို ညီအစ်ကို နှစ်ဦးကို  စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ ၃ ရက်က စတင်ဖမ်းဆီးခဲ့ပြီး ခုအချိန်အထိ မိသားစုဝင်တွေက တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ရဲညီအစ်ကို ၂ ဦးရဲ့ ဖခင်ဖြစ်သူ ဦးသန့်စင်ကိုလည်း စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up