ဟောင်ကောင်တွင် ကိုဗစ်လူနာများထားရန် သီးသန့်လူနာဆောင်များ အလျင်အမြန် တည်ဆောက်

ထောင်ချီတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ထားဖို့ သီးသန့်လူနာဆောင်တွေကို ဟောင်ကောင်အစိုးရက အသည်းအသန် တည်ဆောက်နေပါတယ်။
တရုတ်ပြည်မကြီးက ဆောက်လုပ်ရေး လုပ်သားတွေက မိုးရွာသွန်းနေပြီး အရမ်းအေးတဲ့ ရာသီဥတုအောက်မှာ တည်ဆောက်နေကြတာပါ။
“ဟောင်ကောင် အစိုးရဟာ ကိုဗစ်-၁၉ ကူးစက်မှုကို ကိုင်တွယ်ရာမှာ မျက်မမြင်နဲ့ ဆင်လို ဖြစ်နေတယ်။ အစီအစဉ်မရှိဘဲ လုပ်နေတယ်။ ခုတော့ တရုတ်ပြည်မကြီးက လာပြီး ဦးဆောင်နေရပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
တချိန်က ဟောင်ကောင်ရဲ့ လေဆိပ်ဟောင်း ရှိခဲ့တဲ့ ခန်းမဆောင်ကို ခုတော့ ပြည်သူ့ဆေးရုံတွေမှာ မနိုင်ဝန်ဖြစ်နေတာကိုကူဖို့ ခုတင် တစ်ထောင်ဆံ့ ကိုဗစ်ကူးစက်ကုဌာနအဖြစ် အသွင်ပြောင်းနေပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ခံ လူနာတွေအတွက် နောက်ထပ် ခုတင် ၂ သောင်းစာ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အများပိုင်အိမ်ရာတွေ၊ စီးပွားဖြစ် ဟိုတယ်တွေနဲ့ မိုးလုံလေလုံ အားကစားခန်းမတွေကိုလည်း အသွင်ပြောင်းနေပါတယ်။
ဟောင်ကောင်က ချမ်းစိမ့်နေတဲ့ ရာသီဥတု မိုးရေထဲမှာ ပြည်သူ့ဆေးရုံအပြင်ဘက်မှာ လဲနေတဲ့ လူနာတွေရဲ့ မြင်ကွင်းဟာ ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်က လူတွေကို ထိတ်လန့် စေခဲ့တာပါ။
ဟောင်ကောင်ရဲ့ တက်ကြွမှုမရှိတဲ့ ကိုဗစ်မူဝါဒတွေဟာ လက်ရှိဒုက္ခတွေကို ထင်ဟပ်နေပြီး ရေရှည် မတည်တံ့ဘူးလို့ ပညာရှင်တချို့က ပြောပါတယ်။