အင်ဒိုနီးရှားအနောက်ဘက်ကမ်းရိုးတန်းတွင် ငလျင်လှုပ်ပြီး အနည်းဆုံး လူ ၂ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်း အနောက်ဘက်ကမ်းရိုးတန်းနားက ကုန်းတွင်းပိုင်းမှာ အင်အား ရစ်ချ်တာ စကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့လို့ လူ ၂ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ အရာရှိတွေနဲ့ မျက်မြင်သက်သေတွေက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။
ငလျင်ကြောင့် ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ တင်ပို့ ထားရပါတယ်။ ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းတွေတော့ မဖြစ်ခဲ့ပါဘူး။ အနောက်စူမားတြားပြည်နယ် ပဒန်မြို့ အပါအဝင် တချို့ ဧရိယာတွေက အဆောက်အဦတွေကို ဒေသခံတွေ စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။
ငလျင်ကို အိမ်နီးချင်း မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကပါ ခံစားမိခဲ့တာဖြစ်ပြီး မလေးရှား နိုင်ငံထဲမှာလည်း လူတွေ ဘေးကင်းရာ ရွှေ့ခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကျောက်လွှာပြတ်ရွေ့ကြီး ၂ ခုဆုံရာမှာ ရှိနေလို့ ငလျင်ဒဏ်ကို မကြာခဏ ခံရလေ့ ရှိပါတယ်။
စူမားတြားကျွန်း တလျှောက်က ကျောက်လွှာပြတ်ရွေ့ကြီးဟာ အန္တရာယ်ရှိပြီး ၂၀၀၉ ခုနှစ်က ငလျင်ကြောင့် လူအယောက် ၁၀၀၀ ကျော် သေဆုံးခဲ့ ဖူးပါတယ်။