နျူကလီးယား သဘောတူညီချက် ပြန်အသက်သွင်းရန်ဖြစ်နိုင်ဟု အီရန် ပြော

အနောက်အင်အားကြီးနိုင်ငံတွေက ကျန်နေတဲ့ အရေးကိစ္စ ၃ ရပ်ကို ဖြေရှင်းဖို့ နိုင်ငံရေး ဆုံးဖြတ်ချက်ချမယ်ဆိုရင် ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ ဖြစ်နိုင်တယ်လို့ အီရန်အစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား တိုက်ရိုက်မဟုတ်တဲ့ ညှိနှိုင်းပွဲတွေ အရေးကြီးတဲ့အဆင့်ကို ရောက်လာချိန်မှာ ခုလို ပြောလာတာပါ။
ဒဏ်ခတ်ထားတာတွေရဲ့ ဘယ်အပိုင်းတွေကို ပြန်ရုပ်သိမ်းမလဲ၊ အမေရိကန်က ဒီသဘောတူညီချက်ကနေ ပြန်မထွက်သွားပါဘူးဆိုတဲ့ အာမခံချက်ပေးမလား ဆိုတာနဲ့ အီရန်နိုင်ငံထဲက မကြေညာရသေးတဲ့ ယူရေနီယံလမ်းကြောင်း စတဲ့အချက် ၃ ချက်ကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဖော်ထုတ်ပြောဆိုခဲ့တာပါ။
ဩစတြီးယားနိုင်ငံ ဗီယန်နာမြို့က ဆယ်လကြာဆွေးနွေးပွဲမှာ ဒဏ်ခတ်မှု ဖြေလျှော့ရေးအတွက် အပြန်အလှန်အနေနဲ့ အီရန်အစိုးရရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်မယ့် သဘောတူညီချက်ကို ပြန်စရေး တိုးတက်မှုတွေ ရခဲ့ပြီးပါပြီ။
အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံလုံးက ကျော်လွှားရမယ့် သိသာတဲ့ မတူခြားနားမှုတွေ ရှိနေသေးတယ်ဆိုတာကို သတိပေးထားပါတယ်။
ဒီအရေးကြီးတဲ့ အဓိကသုံးချက်အပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဆုံးဖြတ်ချက် မချရသေးဘူးလို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဆာအိခါတစ်ဘ်ဇာဒါက မြို့တော် တီရန်မှာ ကျင်းပတဲ့ အပတ်စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။