မဲဆောက်တွင် မြန်မာလုပ်သား ၄ ဦးကို တရားမဝင်သစ်ထုတ်လုပ်မှု၊ မူးယစ်ဆေးမှုဖြင့် ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အရှေ့ဘက်မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄ ယောက်ကို တရားမဝင်သစ်ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ မတ် ၃ ရက် ဒီနေ့မနက်ပိုင်းက ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
တာခ်ခရိုင်၊ မဲဆောက်မြို့၊ ဖာဒန်းတိုက်နယ်၊ ရပ်ကွက် ၆ နားက တောစပ်တစ်နေရာမှာ ရွှေ့ပြောင်းမြန်မာလုပ်သား ၄ ယောက်ကို သစ်ထုတ်နေချိန် ထိုင်းအထူးသစ်တောအဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးချိန်မှာ သစ်ချောင်း ၂၅ ချောင်းနဲ့အတူ တရားမဝင် စိတ်ကြွမူးယစ်ဆေး မြင်းဆေး ၁၅၇ လုံးကို လက်ဝယ်ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို တရားမဝင် မူးယစ်ဆေး သုံးစွဲမှု၊ သစ်တောမြေကျူးကျော်မှု၊ သဘာဝသစ်တောဖျက်ဆီးမှုတွေနဲ့ တရားစွဲနိုင်ရေး မဲဆောက်မြို့မရဲစခန်းထံ အပ်နှင်းလိုက်တယ်လို့ သိရပါတယ်။