ရုရှားတပ်များ ယူကရိန်းကို ကြုံရာကျပန်းပစ်ခတ်နေဟု သမ္မတဘိုင်ဒင်ပြော

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှားတပ်တွေက ယူကရိန်းကို စည်းမထားဘဲ ကြုံရာကျပန်း ပစ်ခတ်နေတယ်လို့ အိမ်ဖြူတော်မှာ ပြီးခဲ့တဲ့ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ပူတင်နဲ့ သူ့အနီးအနားက လူတွေကို အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့ အရေးယူသွားဖို့လို့လည်း ပြောပါတယ်။
ရေနံနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေ အပါအဝင် ရုရှားအော်လီဂါခီ လက်ဝါးကြီးအုပ် လုပ်ငန်းရှင်တွေကို အဓိက ပစ်မှတ်ထားတဲ့ စီးပွားရေးအရေးယူမှုအသစ် လုပ်ဆောင်ဖို့ စည်းဝေးခဲ့တာပါ။
အိမ်ဖြူတော်အစည်းအဝေးကို အမေရိကန်ရဲ့ အရေးကြီးတဲ့ဌာနအကြီးအကဲပေါင်းစုံ တက်ရောက်ခဲ့တာပါ။
ဌာနတိုင်းက ယူကရိန်းအရေး ကိုင်တွယ်ဖြေရှင်းကိုပဲ ဦးစားပေး လုံးပန်းနေကြတာပါ။ ဒုတိယသမ္မတ ကာမလာ ဟဲရစ်၊ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၊ ဘဏ္ဍာရေးဝန်ကြီး ဂျက်နက် ယဲလန်တို့နဲ့အတူ ရှေ့နေချုပ်၊ ကုန်သွယ်ရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ကုလသမဂ္ဂသံတမန် စတဲ့ အဆင့်မြင်အရာရှိအားလုံး တက်ရောက်ခဲ့ပါတယ်။