ဘားအံ KBZ ဘဏ် ကျပ်သိန်းထောင်ကျော် ဓားပြတိုက်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇ(KBZ)ဘဏ်ခွဲ(၁)ကို မတ် ၄ ရက် ဒီနေ့ညနေ ၃ နာရီလောက်က အမည်မသိ လူ ၅ ဦးက ဓားပြတိုက်သွားတဲ့အတွက် ကျပ်သိန်းထောင်ကျော်ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဘားအံမြို့ ကမ္ဘောဇ(KBZ)ဘဏ်ခွဲ(၁)ကို အမည်မအသိ လက်နက်ကိုင် ၅ ဦးက သေနတ် ၂ ချက်ပစ်ဖောက်ပြီး ဘဏ်အတွင်းကနေ ငွေသားသိန်းထောင်ကျော်ကို ယူဆောင်သွားခဲ့သလို ဘဏ်ဝန်ထမ်းကိုင်ဆောင်တဲ့ဖုန်းကိုပါ ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်း ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပွားတာဖြစ်ပြီး ဘဏ်ပိတ်ချိန်အတွင်း ဓားပြအတိုက်ခံရတာလို့ မြို့ခံတွေက ပြောပါတယ်။
ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် ဘဏ်အနီးနေထိုင်သူတစ်ဦးက”ကျနော်တို့က ဈေးရောင်းနေတာ။ သေနတ်သံ ၂ ချက်တော့ ကြားလိုက်တယ်။ လူတွေ ရုန်းရုန်းဖြစ်မှ ဓားပြတိုက်ခံရမှန်း သိတယ်။ ဘဏ်ကပိတ်နေပြီး။ တိုက်ပြီးတာနဲ့ ကားနဲ့ထွက်ပြေးသွားတယ်၊ ဘဏ်အတွင်းက CCTV တွေကို ဖျက်ဆီးသွားတယ်။ ဒါက စဉ်းစားစရာပေါ့”လို့ ဆိုပါတယ်။
အဆိုပါဘဏ် ဓားပြမှုနဲ့ ပတ်သက်ပြီး KBZ ဘဏ်တာဝန်ရှိသူတွေဘက်ကတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
ဓားပြမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာနေရာကို စစ်ကောင်စီရဲ့ တပ်တွေနဲ့ ရဲတွေရောက်ရှိလာပြီး စစ်ဆေးမေးမြန်းတာ၊ မြို့ဝင် မြို့ထွက်တွေကို တင်းကျပ် စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဘားအံမြို့မှာ နေ့စဉ်စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ လူစည်းကားရာနေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ကြားက ဘဏ်ဓားပြတိုက်ခံရတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။