close

မြန်မာ့သစ်သီးတင်ကားအစီး ၂၀၀ ကျော် ဝမ်တိန်၌ ပိတ်မိ

တရုတ်ဘက် တင်ပို့နေတဲ့ မြန်မာ့သစ်သီး တင်ပို့ကုန်ကား အစီး ၂၀၀ ကျော် တရုတ်ဘက်ခြမ်း ဝမ်တိန် ကန့်သတ် စစ်ဆေးကွင်း F ဇုန်မှာ ပိတ်မိနေတယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ဟုတ်တယ်။ ဂိတ်က မဖွင့်သေးဘူး။ ဒါ အခု လက်ကျန်ကားတွေပဲ ဝင်လာနေတာ။ မြန်မာဘက်ကတော့ မဝင်သေးဘူး။ တရုတ်ဘက်က ဇုန် ၃ ဇုန် ရှိတာ။ အခု ဒီနေ့ ဝင်လာတဲ့ ကားတွေက နောက်ဆုံး ဇုန် ပေါ့နော်။ F ဇုန်ထဲက ကားတွေ ဝင်လာတာ။ ဆေးစစ်ပြီးမှ ဆေး အောင်တဲ့ ကားတွေ တချို့ပဲ ဝင်သေးတယ်။ F ဇုန် မှာ ကျန်သေးတယ်။ ဒီ F ဇုန် ထဲမှာတော့ ခန့်မှန်းခြေ အစီး ၂၀၀ ကျော်လောက်တော့ ရှိဦးမှာ” လို့ တရုတ်ဘက်ခြမ်းရောက်နေတဲ့ မြန်မာ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ေ

မတ်လ ၆ ရက်နေ့မှာတော့ တရုတ်ဘက် နောက်ဆုံးဇုန်ထဲက မြန်မာသစ်သီးကားတွေ ခန့်မှန်းခြေ အစီး ၂၀ လောက် ဖရဲအရောင်းကွင်းထဲ ဝင်လာပြီး ၁ စီး ကတော့ အသီးတွေ တော်တော်လေး ပျက်စီးနေကာ ကျန်တဲ့ကားတွေကတော့ အသီးကောင်းတွေများတယ်လို့ သူက ပြောပါတယ်။

ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ် ကုန်သွယ်ရေးမှာ အကောက်ခွန် စစ်ဆေးမှုတွေနဲ့ကျန်းမာရေး ဆေးစစ်မှုတွေ စလုပ်နေပေမယ့် ကြန့်ကြာ နှေးကွေးနေတာကြောင့် ဖရဲ နဲ့ သခွား အဝယ်တွေ အားလုံးနီးပါး ချန်ဟော့်ကွင်း Hostel တွေမှာ Quarantine ၇ ရက် နေကြရတယ်လို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်တွေက ပြောပါတယ်။

တရုတ်ဘက်ခြမ်း အရောင်းကွင်းထဲ မဝင်နိုင်သေးပဲ ကန့်သတ်ဇုန်မှာ စစ်ဆေးဆဲ ဖရုံ၊ ဖရဲ၊ သခွား၊ ငရုတ် စတဲ့ မြန်မာ export ကုန်တင်ထားတဲ့ တရုတ်ခေါက်တို ကဲ့ကားတွေ ရာချီ ရှိ‌နေတာကြောင့် အဲဒီကန့်သတ်ဇုန်အတွင်းထဲက ကုန်ကားတွေ မရှင်းလင်းပြီးသေးသရွေ့ ဂိတ်ဖွင့်ဖို့ မမျှော်လင့်နိုင်သေးဘူးလို့ ဆိုပါတယ်။ 

တရုတ်ဘက် အရောင်းကွင်းထဲ ရောက်ကာ ရောင်းချပြီးတဲ့ သစ်သီးတွေတောင် ထွက်ခွာခွင့်မရသေးဘဲ ထပ်ခါထပ်ခါ စစ်ဆေးနေပြီး ပဲ၊ ပြောင်း၊ ဆန်ဂိုဒေါင်တွေကိုလည်း ချိပ်ပိတ် စစ်ဆေးနေဆဲလို့ ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

တရုတ်ဘက်ကို Export ပို့ဖို့ မြန်မာဘက်ခြမ်း စောင့်ဆိုင်းနေတဲ့ ကား အစီးရေ ၇၀၀ ကျော် ရှိနေကြောင်း သစ်သီး Export လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိမှာတော့ တရုတ်ဘက်ခြမ်း ဝမ်တိန်မှာ ကိုဗစ်-၁၉  ကြောင့် အသွားအလာ Lockdown ချထားကာ မိန်းလမ်းမကြီးတွေလည်း ပိတ်ထားတဘ်လို့ ကုန်ဂိတ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

မြန်မာဘက်အနေနဲ့ နှစ်နိုင်ငံ ကိုဗစ်-ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တဲ့ နေရာမှာ ပါဝင်မှု အားနည်းနေကြောင်း တရုတ်ဘက်ခြမ်းမှာ‌ ဝေဖန်နေကြတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up