close

တရုတ်နိုင်ငံ ဝမ်တိန်ဘက်ရောက် မြန်မာ့ ပင်လယ်ထွက်ကုန်နှင့်ကုန်စိမ်းများ မြေမြှုပ်ပစ်ရ

တရုတ်နိုင်ငံ ဝမ်တိန်ဘက် ရောက်နေပြီဖြစ်တဲ့ မြန်မာ့ပင်လယ်ထွက်ကုန်နဲ့ ကုန်စိမ်းတွေမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတာ‌ကြောင့် မြေမြှုပ်ပစ်ရတယ်လို့ မြန်မာကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

"ကုန်စိမ်းနဲ့ အေးခဲ သား၊ ငါး တင်လာတဲ့ကားတွေကတော့ အထဲရောက်တဲ့ကားကလည်း တရုတ်က ပိုးတွေ့လို့ စားသုံးခွင့်မပြုတဲ့အတွက် မြှုပ်ခိုင်းတယ်။ ဗမာဘက်ရှိနေတဲ့ မဝင်ရသေးတဲ့ ကားတွေကျ တချို့ လွှင့်ပစ်ကြတယ်" လို့ သူက ပြောပါတယ်။

ငါးရှဉ့်တွေလည်း လက်မခံတာကြောင့် ဇူလိုင် ၁၁ ရက်နေ့က မြေမြှုပ်ပစ်လိုက်ရကြောင်း၊  သက်ဆိုင်ရာ ကုန်သည်‌တွေနဲ့ အကျိုးအကြောင်း ပြေပြေလည်လည် ကြိုတင်ညှိနှိုင်းသင့်တယ်လို့ ဝမ်တိန်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

တရုတ်အနေနဲ့ မြန်မာဘက်က တင်ပို့လာတဲ့ ဖရဲ၊ ငှက်ပျောတွေကိုလည်း ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးပြီးမှ လက်ခံတာတွေ ရှိခဲ့ပါတယ်။

ကိုဗစ် အကြောင်းပြချက်နဲ့ မြန်မာ - တရုတ် အဓိက ကုန်သွယ်ရာ မန့်ဝိန်း၊ ကျင်စန်းကျော့နဲ့ ဝမ်တိန် ဂိတ်တွေကို ကိုဗစ်ကာလတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ကန့်သတ်မှုတွေပြုလုပ်တာကြောင့် ဖရဲ၊ သခွား၊ သရက် စတဲ့ လုပ်ငန်းရှင်တွေ အရည်အသွေးကျတာတွေ၊ လက်မခံတာတွေကြောင့် များစွာ စွန့်ပစ်ခဲ့ရပြီး မြန်မာဘက်ခြမ်း နမ့်ခမ်းမြို့နယ်၊ မန့်ဝိန်းကြီးမြို့နယ်တွေဘက်က ကြံဧက သောင်းချီလည်း စွန့်ပစ်ခဲ့ရပါသေးတယ်။

မူဆယ်မြို့နယ်မှာ မြန်မာနဲ့တရုတ် နယ်စပ်ဂိတ်ပေါက် ၅ ခုရှိတာ ဖြစ်ပြီး မန့်ဝိန်း - ကျယ်ဂေါင် ဝင်/ထွက် ဂိတ်မှ မြန့်မာ့ လယ်ယာထွက်ပစ္စည်းတွေ၊ ပုပ်ပျက်မလွယ်တဲ့ ကုန်တွေနဲ့ ကြံတွေပါ တင်ပို့ပြီး တရုတ်ဘက်က ကုန်မျိုးစုံ ပြန်လည်တင်သွင်းနေတာပါ။

နန်းတော် - ကျယ်ဂေါင်၊ ဆင်ဖြူ - ကျယ်ဂေါင် ဂိတ်ကနေ လူဝင်၊ လူထွက် အဓိက ထားကာ ကျင်းစန်းကျော့ - ဝမ်တိန်၊ ကြူကုတ်(ပန်ဆိုင်း) - ဝမ်တိန်ဂိတ်ကနေ မြန်မာ့ ပင်လယ်ထွက်ကုန်နဲ့ အခြားကုန်တွေ တင်ပို့ပေမယ့် ကိုဗစ် တတိယလှိုင်းကာလမှာတော့ ကျင်စန်းကျော့ တဂိတ်တည်းကိုသာ အသုံးပြုပြီး နှစ်နိုင်ငံ အဓိက ကုန်သွယ်ရာမှာ ကိုဗစ်ပိုး ပြန်လည် စစ်ဆေးတွေ့ရှိတာကြောင့် ဇူလိုင် ၈ ရက်နေ့ကစ နယ်စပ်ဂိတ်အားလုံး ပိတ်လိုက်တာ ဖြစ်ပါတယ်။

Pra Jaw

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up