close

မတ္တရာမြို့က စစ်ကောင်စီ ယာယီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့မှာ မတ် ၇ ရက်နေ့မနက်ပိုင်းက စစ်ဆေးရေးဂိတ်တည့်တည့်ကို မိုင်း ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) တာဝန်ရှိသူတဦးက ပြောပါတယ်။ 

မတ္တရာမြို့မြောက်ဘက် မန္တလေး-မိုးကုတ် ကားလမ်းမကြီးပေါ်က ဆီဆိုင်တခုအနီးရှိ စစ်ကောင်စီ ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို ဒီမနက် ၉ နာရီ ၄၃ မိနစ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပကဖ(မတ္တရာ)ရဲ့ တာဝန်ရှိသူက “အဲဒီနေရာက သူက ရှောင်တခင်၊ တပတ်ကို တကြိမ်၊ နှစ်ကြိမ် လာတတ်တယ်ဆိုတော့ သူတို့ လာတတ်တဲ့နေရာကို ကျနော်တို့က မိုင်းထောင်ထားတာပေါ့။ ထောင်ထားတော့ သူတို့ ဆယ်ယောက်ကြားထဲကနေ ထကွဲတာပဲ၊ အကျအဆုံး ရှိနိုင်တယ်။ အနည်းဆုံးကတော့ ငါးယောက်၊ ခြောက်ယောက်လောက် ကျနိုင်တဲ့အနေအထားရှိတယ်။ မိုင်းက ပြင်းတယ်။ ပြင်းတယ်ဆိုတာ ငါး‌မိုင် ခြောက်မိုင်လောက်ကထိကို ဧရာဝတီမြစ်ရိုးဘက်ကထိကို ကြားရတယ်” လို့ ပြောပါတယ်။

ပကဖ(မတ္တရာ)အနေနဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ တပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို အဓိကပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

အဲဒီလို တိုက်ခိုက်ရာမှာ ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် အထူးသတိထားပြီး လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up