close

ထိုင်းသရုပ်ဆောင်မင်းသမီးတိုင်မို သေဆုံးမှု မသင်္ကာစရာ အထောက်အထားများထပ်မံထွက်ပေါ်

ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ကျောက်ဖရားမြစ်ထဲမှာ စပိဘုတ်ပေါ်ကနေ ပြုတ်ကျ သေဆုံးရတာနဲ့ပတ်သက်ပြီး နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့က ပေါ့ဆစွာလှေခုတ်မောင်းမှုလို့ ရဲတပ်ဖွဲ့က ကနဦး သုံးသပ်ထားပေမဲ့ ကယ်ဆယ်ရေးအဖွဲ့၊ ရှေ့နေ၊ လွှတ်တော်အမတ်နဲ့ ပရိသတ်တွေက မယုံကြည်နိုင်ကြဘဲ အမှန်တရားထွက်ပေါ်ဖို့အတွက် တဘက်ကနေ  နောက်ထပ်သက်သေတွေ ရှာဖွေနေကြပါတယ်။

တိုင်မိုရဲ့အလောင်းကို တွေ့ရှိခဲ့တဲ့ ဖရလမ်း ၇ တံတားဧရိယာတဝိုက်မှာ နေထိုင်သူ လွှတ်တော်အမတ် တေ့မုန်းခုန်းကျစ်က စပိဘုတ်ခုတ်မောင်းရာ ရေလမ်းတလျှောက်ရိုက်ယူထားတဲ့ စီစီကင်မရာတွေကို လိုက်လံတောင်းကြည့်ရာမှာ တချို့ကပေးကြည့်ပြီး တချို့က မရှိဘူးလို့ ပြောပါတယ်။

လျှပ်စစ်ရုံးက ရလာတဲ့ ဖိုင်တခုကို အကျယ်ချဲ့ကြည့်ရာမှာတော့ ဖေဖော်ဝါရီ ၂၄ ည ၁၀ နာရီ ၃၄ မိနစ် ၃ စက္ကန့်မှာ လှေထဲက တစုံတရာကျလာတဲ့ပုံ (လူဟုထင်ရ)၊ ချက်ချင်းမမြုပ်ဘဲ ခေါင်း ပေါ်နေပြီး စပိတ်ဘုတ်ကိုလှမ်းဆွဲရန်ကြိုးစားပုံ၊ ဒါပေမဲ့ လှေကမရပ်ဘဲ ၅ မီတာအကွာခန့် ဆက်မောင်းသွားပြီး နောက်မှပြန်လှည့်လာကာ ခေါက်တုံ့ခေါက်ပြန် တစုံတရာ ရှာဖွေနေပုံ တွေ့ရတယ်လို့ ဆိုပါတယ်။ 

ဒီဗွီဒီယိုကလစ်ကို ကြည့်ပြီး လှေပေါ်က အဖော် ၅ ယောက် ထွက်ဆိုချက်တွေနဲ့ နေရာရော ပုံစံပါကွဲလွဲမှုတွေရှိနေတယ်လို့ လွှတ်တော်အမတ်နဲ့ ရှေ့နေတွေက ပြောဆို သုံးသပ်နေပါတယ်။ 

ဒါ့အပြင် တိုင်မို စီးလာတဲ့ စပိဘုတ်နဲ့ မလှမ်းမကမ်းကနေ ဖြတ်သွားတဲ့ လှေ ၁ စီးက ရိုက်ယူထားတဲ့ စီစီကင်မရာထဲမှာတော့ စပိဘုတ်ထဲမှာ အမျိုးသမီး ၂ ဦး (တိုင်မို နဲ့ သူ့ကိုယ်ရံတော် ကသစ်လို့ ယူဆရ) ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ရိုက်ပုတ်နေပုံ၊ အမျိုးသားတစ်ယောက်က ဖျန်ဖြေရန်ကြိုးစားပုံ ၊ နောက်တယောက်က ဟန့်တားပုံတွေ တွေ့ရတယ်လို့ ဆိုပါတယ်၊ 

အဆိုပါ ဗွီဒီယိုဖိုင်ကတော့ ဖေ့စ်ဘွတ်ခ် ကောင့်တစ်ခုကနေစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အဝေး ကရေးရေးမြင်တဲ့ပုံတွေ ကို အနီးကပ်ဆွဲယူကာ အကျယ်ချဲ့ပြသထားတာဖြစ်ပါတယ်။ 

တိုင်မိုရဲ့အလောင်းကို ရေထဲကနေဆယ်ယူခဲ့တဲ့ ကယ်ဆယ်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ “ ထိုက်ဧကဖန်း ”ကတော့ အလောင်းမှာ မျက်လုံးတဘက်အပြင်ထွက်၊ သွားကျိုး၊ ခေါင်းနဲ့ လည်ပင်းမှာ ဒဏ်ရာရှိ၊ ရင်ဘတ်မှာအညိုအမည်းရှိ ၊ ညာဘက်ပေါင်အရင်းမှာ အရိုးထိ နက်တဲ့ပြတ်ရှရာတွေ့ကြောင်း၊ အဆိုပါဒဏ်ရာတွေနဲ့ပတ်သက်ပြီး မှုခင်းဆေးဘက်ဆိုင်ရာက ဆေးစစ်ချက်အားလုံး ထုတ်ပြန်မယ်လို့ ယူဆခဲ့ကြောင်း ၊ ဒါပေမဲ့ ပေါင်ကဒဏ်ရာအကြောင်းကိုသာ ထုတ်ပြန်ခဲ့လို့ သံသယရှိတယ်လို့ သတင်းဌာနတွေကို ထုတ်ဖော်ပြောလိုက်ပါတယ်။ 

လွှတ်တော်အမတ်နဲ့ ရှေ့နေတွေကလည်း ရဲတပ်ဖွဲ့က ဒီအမှုကို တရားလိုတွေရဲ့ ထွက်ဆိုချက်ပေါ်မူတည်ပြီး ဆုံးဖြတ်ရင် ပြည်သူတွေက  ယုံကြည်ကိုးစားမှုရှိတော့မှာ မဟုတ်ကြောင်း ၊ ရဲတပ်ဖွဲ့တစ်ခုလုံးရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေနိုင်လို့  ဒီအမှုနဲ့ပတ်သက်ပြီး အလျင်စလို အမှု မပိတ်သိမ်းဖို့ ၊ တိုင်မိုရဲ့အလောင်းကို ထပ်မံပြန်လည်ခွဲစိတ်စစ်ဆေးဖို့၊  စုံစမ်းစစ်ဆေးရေး အဖွဲ့သစ် နောက်တဖွဲ့ပြန်ဖွဲ့ပြီး စစ်ဆေးဖို့ ၊ ရရှိထားတဲ့သက်သေအားလုံး အဖွဲ့သစ်ကို အပ်နှံဖို့  နွန်ထပူရီရဲစခန်းမှာ စာပေးပို့ပြီး တောင်းဆိုထားပါတယ်။ 

ရဲတပ်ဖွဲ့ကတော့ တိုင်မိုသေဆုံးမှုနဲ့ ပတ်သက်တဲ့ ဗွီဒီယိုကလစ်တွေ ထပ်ရှာ ထပ်ရှယ်ပြီး ပုံကြီးချဲ့ ထင်ယောင်ထင်မှားပြောဆိုနေကြတာတွေ ရပ်တန့်ဖို့၊ ဆက်လုပ်မယ်ဆိုရင် ကွန်ပျူတာဥပဒေနဲ့ အရေးယူခံရမယ်လို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up