ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဥရောပတွင် ရေနံနှင့်ဓာတ်ငွေ့ဈေး စံချိန်တင်မြင့်

ရုရှား-ယူကရိန်းစစ်ပွဲ ရိုက်ခတ်မှုကြောင့် ဥရောပနိုင်ငံအတော်များများမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အစားအစာ ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်နေပါတယ်။
ဗြိတိန်အခြေစိုက် Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ စစ်ပွဲဖြစ်ပြီး ၁၀ ရက်အကြာမှာ ဂျုံဈေးနှုန်းဟာ ၅၀ ရာခိုင်နှုန်းထိ မြင့်တက်နေပါတယ်။
စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ဖန်လုံအိမ်တွေကို အပူပေးဖို့ ဓာတ်ငွေ့ဈေး မြင့်တက်နေတာကြောင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်ရာမှာ အခက်အခဲရှိပြီး ဈေးတွေ မြင့်တက်နေပါတယ်။
စပိန်မှာလည်း လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်နေတာပါ။
လူသုံးကုန်ပစ္စည်းအားလုံးနီးပါးကို ကုန်းလမ်းက သယ်ယူတဲ့အတွက် လောင်စာဆီ ဈေးတက်မှု ကြောင့် နေ့စဉ်သုံးပစ္စည်း ဈေးတက်နေတာပါ။
ဂရိရဲ့ ငွေကြေးဖောင်းပွမှုက ၇ ဒသမ ၆ ရာခိုင်နှုန်းထိ ရှိနေပြီး နှစ်ပေါင်း ၂၆ နှစ်အတွင်း အဆိုးဆုံးပါ။
သဘာဝဓာတ်ငွေ့ဈေးက ၇၈ ဒသမ ၅ ရာခိုင်နှုန်း၊ လျှပ်စစ်ဈေးနှုန်းက ၇၁ ဒသမ ၄ ရာခိုင်နှုန်း၊ လောင်စာဆီဈေးက ၄၁ ရာခိုင်နှုန်း အသီးသီး တက်နေတာပါ။
အီတလီမှာ ဓာတ်ငွေ့ဈေး စံချိန်တင်မြင့်တက်နေပြီး လူအများစုက ဓာတ်ဆီဈေးအတွက် ပူပန်နေ ပါတယ်။
ဂျာမဏီမှာ စားသောက်ကုန် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်ဈေး ၁၁ ရာခိုင်နှုန်း၊ ကားဈေးနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်း အခုလအတွင်း တက်ခဲ့ပါတယ်။