close

စစ်ကောင်စီနှင့်တိုက်ပွဲအတွင်း ဒေါင်ငံခါးကို ယာယီလက်လွှတ်ခဲ့ရဟု KNDF ပြော

အကြမ်းဖက်စစ်ကောင်စီနဲ့ KNDF တိုက်ပွဲတွေ ပြင်းထန်နေပြီး မတ်လ ၁၃ ရက်မှာတော့  ဒေါငံခါးကျေးရွာကို ယာယီလက်လွှတ် ဆုံးရှုံးလိုက်ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထုတ်ပြန်ပါတယ်။

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါငံခါးကျေးရွာကို စစ်ကောင်စီတပ်က  မတ် ၁၀ ရက်မနက် စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်လေယာဉ်တွေနဲ့  ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဒီနေ့မှာ တိုက်ပွဲမျာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အမြောက်အမြား  ပစ်ခတ်တာတွေအပြင် လေယာဉ်အသုံးပြုပြီး လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် စစ်ရေးအရ အလွန်အရေးပါလှတဲ့ ဒေါငံခါးကို ယာယီ လက်လွတ်‌ပေးခဲ့ရတာလို့ KNDF ရဲဘော်တဦးက ပြောပါတယ်။

“သူတို့ဘက်က ပစ်တဲ့ လက်နက်ကြီးတွေ ကျတဲ့အသံက မြေကိုတုန်သွားတာပဲ။ ရှေ့ရက်တိုက်ပွဲတွေမှာ လေယာဉ်နဲ့ဗုံးကြဲသွားလို့ အဆောက်အဦတွေ တော်တော်များများလည်း ပျက်စီးသွားတယ်။ သူတို့ဘက်က လက်နက်က အတော်ကောင်းတယ်။ ကျနော်တို့က ပစ်မှတ်သေချာမှပဲ ပစ်ရပြီး လက်နက်ကို အဓိက ချွေတာနေရတာဆိုတော့ ခံစစ်မထိုးနိုင်ဘဲ ဆုတ်ခဲ့ရတယ်။  ကျနော်တို့ ကရင်နီကို လက်နက်အင်အားထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အသုံးပြုတဲ့ လက်နက်အင်အား သာလွန်တာကြောင့် ဘယ်လိုမှ ခုခံစစ်မဆင်နိုင်ဘဲ ဆုတ်ခဲ့ရတာဖြစ်ပြီး KNDF ဘက်က ရဲဘော်တွေလည်း ဒဏ်ရာ အပြင်းအထန် ရရှိထားတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ အကူအညီနဲ့ အထောက်အပံ့တွေပေးကြဖို့ KNDF တပ်ရင်း (၁) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up