ရေစကြို၌ အပြစ်မဲ့အမျိုးသမီး ၃ ဦးကို စစ်တပ်ကဖမ်းဆီးပြီး လက်နက်နှင့်အတူ ဖမ်းမိဟု ဓာတ်ပုံရိုက် ဝါဒဖြန့်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၁၃ ရက် ညနေပိုင်းက အပြစ်မဲ့ ဒေသခံအမျိုးသမီး ၃ ယောက်ကို စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် တောင်အိုကျေးရွာမှာ မနေ့က ညနေ ၅နာရီလောက်မှာ ပျူစောထီးဒလန်တွေက လက်နက်ရှိဆိုပြီး မဟုတ်မမှန်သတင်းပေးလို့ မညိုဆန်း၊ မဆွေဆွေဝင်းနဲ့ မနှင်းယုဝေတို့ ၃ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“အဲဒီအမျိုးသမီး ၃ ယောက်ဟာ မိရိုးဖလာ တောင်သူလုပ်ငန်းကိုဘဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြတာဗျ။ ခုဟာက ဒလန်တွေက လုပ်ကြံသတင်းပေးလို့ မတရားအဖမ်းခံရတာပါ။ သူတို့ဆီမှာ ဘာမှမတွေ့ဘဲ ပစ္စည်းတွေကို လက်နက်တွေနဲ့ မိတယ်ဆိုပြီး ဓာတ်ပုံရိုက်ကာ စစ်ကောင်စီဘက်က ဝါဒဖြန့်နေတယ်။”

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မွှေနှောက်ပြီး အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေကြောင့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာနေရာကို ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
ရေစကြိုမြို့နယ် ထန်းငယ်တောအုပ်စု၊သဲတောရွာကိုလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေဝင်မွှေနေလို့ ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။