ပေါင်းတည် လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်ဝင်ဖမ်းပြီး ဆိုင်ကယ် အစီး ၁၀၀ ခန့်သိမ်းယူ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် မဲခေါင်းအုပ်စု၊ အင်တိုင်းဆင်း ကျေးရွာမှာ ရဲတပ်ဖွဲ့ကိုလိုင်းကြေးပေး ပြုလုပ်နေတဲ့ လောင်းကစား၀ိုင်းကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးပြီး ဆိုင်ကယ်အစီး ၁၀၀ လောက် သိမ်းယူသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီတပ်သားတွေက ၁၀ ယောက်လောက်ပဲလာတာ၊ ရွာကို ပိတ်လိုက်ပြီး ထွက်မပြေးနိုင်အောင် လုပ်ပြီးဖမ်းတာ။ ဒါပေမဲ့ လူတွေ အများစုကတော့ ဆိုင်ကယ်တွေထားပြီး ထွက်ပြေးသွားနိုင်ကြတယ်။ ဆိုင်ကယ်တွေချည်းအစီး ၁၀၀ လောက် နဲ့ ငွေကတော့ ပုံအောနေအောင် ကျန်ခဲ့ကြတာ၊ အကုန်သိမ်းပြီး ဖောကား၊ ထော်လာဂျီ ၈ စီးနဲ့မျှသယ်သွားတာ။”
ပေါင်းတည်မြို့နယ်ထဲ လောင်းကစားဝိုင်းတွေကို တပတ်မှာ ၃ ရက်လောက် ရဲတပ်ဖွဲ့ကို လိုင်းကြေးပေးလုပ်ဆောင်နေတာဖြစ်ပြီး အခုစစ်တပ်က ဝင်ဖမ်းရာမှာ ၁၀ ယောက်လောက် ပါသွားတယ်လို့ ဆိုပါတယ်။
“အခုက စစ်တပ်က ၀င်ဖမ်းတော့ ဘာမှ လုပ်လို့မရတော့ဘူး။ လူကတော့ ၁၀ ယောက်လောက်ပဲမိတာ အကုန်တော့ ခေါ်သွားတာပဲ။ တချို့ ဖောကားရှိသူတွေ၊ ထော်လာကျီ ရှိသူတွေကိုတော့ ဆိုင်ကယ်တွေတင်ပြီး လိုက်ပို့ရင် သူတို့ဆိုင်ကယ် ပြန်ပေးမယ်ဆိုပြီး မက်လုံးပေးခေါ်သွားတာပဲ။ အခုမနက်မိုးလင်းတဲ့အထိတော့ ဘယ်သူမှပြန်မရောက်ကြသေးဘူး၊ ဆိုင်ကယ်ရော လူရော၊ ထော်လာကျီရော ဖမ်းလိုက်ပြီနဲ့တူတယ်။ တချို့တွေက လမ်းကနေ ငွေနဲ့ညှိလို့ ဆိုင်ကယ် ပြန်ပေးသွားတယ်တော့ ကြားတယ် ဘယ်လောက် ပေးလိုက်ရလဲတော့မသိဘူး။ အဲဒီလောင်းကစားဝိုင်းတွေက စစ်တပ်က အာဏာသိမ်းပြီးမှ ပေါ်လာတာ။ မြို့ပေါ်နဲ့ ရွာတွေမှာလည်း ဆိုင်ကယ်ခိုးမှုတွေ၊ အိမ်ဖောက်ထွင်းမှုတွေက ပေါမှပေါပဲ။ လူတွေလည်း ဘာမှ လုပ်မစားကြတော့ဘူး။ လောင်းကစားပဲလုပ် ငွေကုန်ရင် သူများအိမ်ဝင်ခိုး၊ အဲဒါတွေပဲ လုပ်နေကြတာ” လို့ ဒေသခံက ပြောပါတယ်။
လောင်းကစားဝိုင်းတွေကတော့ ကြက်၀ိုင်း၊ ဂျူုံးဂျူံးကျ၊ ဖဲဝိုင်း၊ ဂျင်းဝိုင်းတွေဖြစ်ပြီး အင်တိုင်းဆင်းကျေးရွာမှာတော့ စနေ၊ ဗုဒ္ဓဟူး၊ တနင်္လာ ပြုလုပ်ပြီး ကျန်တဲ့ရက်တွေမှာတော့ ပေါင်းတည်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ္တလင်းမြို့နယ်တွေမှာလည်း အလှည့်ကျ ပြုလုပ်တယ်လို့ သိရပါတယ်။
လာရောက်ဖမ်းဆီးတာက ပြည်(ဒကစ) တပ်ကလို့ သိရပြီး ဖမ်းသွားတဲ့ သူတွေထဲက ၇ ယောက်ကို ပေါင်းတည်ရဲစခန်း ပို့လိုက်တယ်လို့ သိရပြီး ရဲစခန်းကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။