close

ပြည်တွင်း ဆန်စပါးစျေးနှုန်း ဆက်လက်မြင့်တက်

နိုင်ငံတကာစျေးကွက်မှာ မြင့်တက်လာတဲ့ ဆန်ဝယ်လိုအားနဲ့အတူ ပြည်တွင်းစျေးကွက်မှာ ဆန်ဝယ်ယူမှုတွေ များနေပြီး စပါးစျေး၊ ဆန်စျေးတွေ သိသိသာသာမြင့်တက်နေပါတယ်။

ဒါကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် အခြေခံပြီး ဆန်ပြည်ပတင်ပို့မှုကို ချိန်ဆဆောင်ရွက်ဖို့၊ ဆန်စျေးနှုန်း တည်ငြိမ်အောင် ဆောင်ရွက်ဖို့လိုတယ်လို့ လယ်ယာကဏ္ဍ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

“နွေးစပါး စထွက်နေပြီ။ အထွက်နှုန်းတော့ လျော့နိုင်တယ်။ ကျနော်တို့က ပြည်တွင်းစားဖို့တော့ လောက်ပါတယ်။ ခါတိုင်းနှစ်ထက်စာရင် ဒီနှစ်က export နည်းနည်းပိုထွက်တယ်။ export တင်တာ များရင်တော့ export ကို နည်းနည်းတော့ ချိန်ညှိဖို့လိုတယ်” လို့ ဆန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ ရောင်းချထားတယ်လို့ သိရပြီး ပြီးခဲ့တဲ့နှစ်ကာလတူ တင်ပို့မှုထက် တန်ချိန် ၁ သိန်းကျော် ပိုများနေတယ်လို့ သိရပါတယ်။

တဘက်မှလည်း ဒေါ်လာစျေး၊ စက်သုံးဆီစျေး ရိုက်ခတ်မှုကြောင့် ကြီးမြင့်လာတဲ့ စိုက်ပျိုးရေး သွင်းအားစုစျေးတွေက ပြည်တွင်း စိုက်ပျိုးထုတ်လုပ်နိုင်မှုအပေါ် ထိခိုက်မူတွေ ရှိလာနိုင်ပါတယ်။

“မလွယ်ပါဘူးဗျာ။ ဒီနှစ်ရင်းရငွေ (သွင်းအားစု) က မနှစ်ကထက် နှစ်ဆပိုနေတယ်။ ရာသီက မကောင်း၊ အဖျက်အမျိုးမျိုး အရှုံးဘက် အလေးသာနေတယ်။ မိသားစုစားဖို့ပဲ စိုက်တော့မယ်။ ကျန်နေတဲ့မြေ လှပ်ထားတာ အနားရတယ်” လို့ စပါးစိုက်တောင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် လတ်တလာ နိုင်ငံရေးအခြေအနေတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တချို့ဒေသတွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။

လက်ရှိမှာ နိုင်ငံတကာ ဆန်စျေးမြင့်နေသလို ပြည်တွင်းမှာလည်း မိုးစပါးလက်ကျန်လျော့နည်းပြီး ဝယ်လိုအားများနေတာ၊ စက်သုံဆီစျေးနဲ့ သယ်ယူစရိတ် မြင့်တက်နေတာ၊ နွေစပါး အထွက်လျော့နိုင်တာ စတဲ့အချက်တွေကြောင့် ပြည်တွင်းဆန်စျေး ဆက်လက်တက်ဦးမယ်လို့ ခန့်မှန်းကြပါတယ်။

လက်ရှိ  ရန်ကုန်ဈေးကွက်မှာ ဆန်စျေးက ဆယ်ရက်အတွင်း တစ်အိတ်ကို ၇,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကြားထိ ဈေးမြင့်တက်နေပါတယ်။

နွေစပါးအသစ်တွေ စျေးကွက်ထဲ အလုံးအရင်းဝင်ရောက်လာမှ စျေးအနည်းငယ် ပြန်အေးနိုင်မယ်လို့ ခန့်မှန်းထားကြပြီး လတ်တလော ဧရာဝတီတိုင်းဈေးကွက်မှာတော့ ၄၆ ပေါင် စပါးတင်း ၁၀၀ စျေးက အမျိုးအစားအလိုက် ကျပ် ၆၅၀,၀၀၀ ကနေ ကျပ် ၁,၀၀၀,၀၀၀ နီးပါး ပေါက်စျေးရှိပါတယ်။

၂၀၂၁ မိုးစပါးနဲ့ ၂၀၂၂ နွေစပါးအတွက် အခြေခံစပါးစျေးကို တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနဲ့ မြှင်တင်ရေးကော်မတီက ကျပ် ၅၄၀,၀၀၀ သတ်မှတ်ထားတာပါ။

မြန်မာနိုင်ငံမှာ နွေစပါးနဲ့ မိုးစပါး စိုက်ဧက စုစုပေါင်း ၁၇ သန်းရှိပြီး စပါးတန်ချိန် ၂၇ သန်း ထွက်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up