close

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ အာရှလမ်းမကြီးမှာ ဘန်ကောက်သွားမယ့် ကားနှစ်စီးပေါ်ကနေ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၆ ဦး မတ်လ ၁၅ ရက်နေ့ မနက် ၄ နာရီခွဲလောက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကရင်ပြည်နယ် မြဝတီမြို့နယ်စပ် သောင်ရင်းမြစ်ကို လှေနဲ့ကူးလာပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ယာယီတည်းခိုကာ ဘန်ကောက်မြို့ကို သွားရောက်ဖို့ကြိုးစားရာမှ  မဲဆောက်ရဲမှူးကြီး မွန်းဆပ် ကယောက်အွန် ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ သတင်းအရ မဲဆောက်မြို့ အာရှလမ်းမကြီးအတိုင်း စောင့်ဖမ်းရာမှ ပစ်ကပ်ကား ၂ စီးပေါ်ကနေ မြန်မာအလုပ်သမား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၆ ဦးတို့ကို တွေ့ရှိခဲ့ပြီး စစ်ဆေးချက်အရာ တရားဝင်အထောက်အထား မရှိတာကြောင့် ဖမ်းဆီးလိုက်တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းတွေကို စစ်ဆေးမေးမြန်းချက်အရ လူကယ်ရီကတဆင့် သယ်ဆောင်ပေးဖို့ တဦးကို ဘတ် ၅၀၀ နဲ့ ငှားရမ်းတာဖြစ်ပြီး မဲဆောက်ကနေ ဘန်ကောက်မြို့ကို ပို့ဆောင်မှာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းယာဉ်မောင်းတွေကို ထိုင်းကျန်းမာရေးဌာနက ကိုဗစ်စစ်ဆေးပြီး တရားဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် အဆင်မပြေတာကြောင့် ထိုင်းနိုင်ငံထဲ အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေ့စဉ်လိုလို ဖမ်းဆီးရမိနေပြီး မတ် ၁၄ ရက်နေ့ကလည်း ၅၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up