close

သီပေါတွင် ပြောင်းဖူးသွားချိုးသည့် ရွာသား ၁ ဦး မိုင်းနင်းမိ

Photo: Tai hsipaw

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ မတ် ၁၈ ရက် ဒီကနေ့မနက်က ရွာသား ၁ ဦး ပြောင်းခင်းထဲမှာ အလုပ်သွားလုပ်ရင်း မိုင်းနင်းမိတဲ့အတွက် ညာဘက်ခြေတဖက် ကြေမွသွားပါတယ်။ 

အဆိုပါရွာသားမှာ ကျင်သီအုပ်စု ကြံခင်းကျေးရွာက အသက် ၂၂ နှစ်ရွယ် စိုင်းအောင်ကျန် ဆိုသူဖြစ်ပြီး နားမကြား မိခင်အိုကို လုပ်ကျွေးနေတာဖြစ်ကြောင်း၊ အလုပ်အကိုင် ရှားပါးတဲ့အတွက် ပြောင်းခင်းထဲက အကြွင်းအကျန်တွေ လိုက်ကောက်စဉ် မိုင်းစကြိုးကို ခလုတ်တိုက်နင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တာလို့ သီပေါပရဟိတအဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကြံခင်းရွာမှာ ရွာသား ၁ ယောက် မိုင်းနင်းမိတယ်လို့  ရွာသူကြီးက ဒီကနေ့ ၁၂ နာရီလောက်မှာ အကြောင်းကြားလာတဲ့အတွက် ကျနော်တို့အဖွဲ့က သွားကူခဲ့ပါတယ်ခင်ဗျ။ ဖြစ်တဲ့နေရာက ရွာနဲ့တော့မဝေးဘူး။ ဒါပေမဲ့ တောင်တက်တောင်ဆင်းဖြစ်ပြီး မိုင်းထပ်နင်းမိမှာစိုးလို့ သတိထားပြီး သွားကယ်ရတယ်ခင်ဗျ။ မိုင်းထိတဲ့သူက မနက်ပိုင်း ပြောင်းကောက်ပြီး နေ့လယ်စာစားမလို့ ယာစောင့်တဲဆီသွားနေတုန်း မိုင်းကြိုးကို ခလုတ်တိုက်မိတာတဲ့။ ခပ်လှမ်းလှမ်းမှာ နောက်ရွာသားတယောက် ပါလာတယ်၊ အဲဒီတယောက်တော့ ဒဏ်ရာမရဘူး၊ သူကတော့ လက်မှာရော ကိုယ်မှာရော မိုင်းစစင်တယ်။ အဆိုးဆုံးက ညာဘက်ခြေတောက်ပါ၊ ဒူးအောက်ပိုင်းတခုလုံး ကြေမွသွားတယ်၊ ဖြတ်ပစ်ရမှာ အသေအချာပါပဲ။ သူ့ကို သီပေါဆေးရုံပို့ပေးပြီး သီပေါဆေးရုံကနေ လားရှိုးဆေးရုံကို ထပ်လွှဲပေးမယ်လို့ သိရတယ်ခင်ဗျ။”

အဆိုပါဒေသထဲမှာ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့ပါတယ်။ 

ဒီနှစ်ထဲမှာ တိုက်ပွဲငြိမ်သွားပြီဆိုပေမယ့် မိုင်းအကြွင်းအကျန်တွေ ရှိနေဆဲဖြစ်ပြီး ရွာသားတွေ လည်း မကြာခဏမိုင်းထိနေတာပါ။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျင်သီအုပ်စု တွန်ဆောက်ရွာက သားအမိ ၂ ယောက် သက်ကယ်သွားရိတ်စဉ် မိုင်းနင်းမိပြီး ၂ ဦးလုံးဒဏ်ရာရခဲ့ကြပါတယ်။ မိခင်က လက်နှစ်ဘက်၊ ပေါင် နှစ်ဘက်လုံး ပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up