တက္ကဆက်တွင် ကုန်ကားနှင့် ဗန်ကားတိုက်မိပြီး ၉ ဦးသေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ၁၃ နှစ်အရွယ် ကလေးငယ်တဦး မောင်းနှင်လာတဲ့ ပစ်ကပ်ကုန်ကားတစီးက ဗန်ကားတစီးကို တိုက်မိပြီး နယူးမက္ကဆီကို ကောလိပ်က ဂေါက်ရိုက် အားကစားအဖွဲ့ဝင် ၆ ဦး အပါအဝင် လူ ၉ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) က မတ် ၁၇ ရက်မှာ ပြောပါတယ်။
တက္ကဆက်ပြည်နယ် အနောက်တောင်ပိုင်းမှာ အခုလို ကားချင်း ခေါင်းချင်းဆိုင်တိုက်မှုကြောင့် တခြားလူ ၂ ယောက်လည်း ဆေးရုံတင်ရပါတယ်။
ကားရှေ့ ဘယ်ဘက်တာယာ ကွဲသွားလို့ကားက မျက်နှာချင်းဆိုင် ယာဉ်ကြောပေါ်ကို ရောက်သွားခဲ့တယ်၊ ကားကြီး ၂ စီး အရှိန်ပြင်းပြင်းနဲ့ ခေါင်းချင်းဆိုင် တိုက်မိခဲ့တာလို့ NTSB ဒုဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နယူးမက္ကဆီကိုပြည်နယ် ဟော့ဘ်စ်မြို့က ပုဂ္ဂလိက ခရစ်ယာန်တက္ကသိုလ်ကလည်း လူ ၉ ဦး စီးလာတဲ့ ဗန်ကားထဲက ၇ ဦး သေဆုံးပြီး ၂ ဦးက အသည်းအသန် အခြေအနေနဲ့ တက္ကဆက် ဆေးရုံပေါ်မှာ တင်ထားရတယ်လို့ ပြောပါတယ်။ ပစ်ကပ်ကုန်ကားကို မောင်းလာတဲ့ ၁၃ နှစ်သားနဲ့ ခရီးသည်လည်း သေဆုံးခဲ့ပါတယ်။