close

ဝန်ကြီး ဦးမင်းသူကို စွဲထားသည့် အဂတိမှု စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် သက်သေထွက်ဆို

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို စစ်ကောင်စီက တရားစွဲထားတဲ့ အဂတိမှုနဲ့ပတ်သက်ပြီး  မတ်လ ၂၃ ရက် ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိ အထူးတရားရုံးမှာ စတင်စစ်ဆေးနေပါတယ်။

အဲဒီအမှုကို ဒီကနေ့ စတင်စစ်ဆေးရာမှာ တရားလိုပြသက်သေအဖြစ် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီးတယောက်တို့ သက်သေထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

“ဦးမောင်ဝိတ်က သူ့သဘောနဲ့သူ လှူဒါန်းခဲ့တာလို့ပဲ ထွက်ဆိုခဲ့ပါတယ်" လို့ တရားရုံးနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ရန်ပုံငွေ တီရှပ်နဲ့ လွယ်အိတ်ဖိုးတွေ အလှူခံခဲ့တယ်ဆိုပြီး စစ်ကောင်စီက ဇန်နဝါရီ ၂၅ ရက်မှာ အဂတိမှုနဲ့ စတင်တရားစွဲခဲ့တာပါ။

ဦးမင်းသူဟာ နိုင်ငံရေးရာထူး လက်ဝယ်ရှိခဲ့တဲ့ ၂၀၂၀ စက်တင်ဘာလတုန်းက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကုမ္ပဏီပိုင်ရှင်တစ်ဦးဆီ ဆက်သွယ်ပြီး NLD တံဆိပ်ပါတဲ့ တီရှပ်အထည် ၁၈၀၀၀ သောင်းအတွက် ငွေကျပ် ၃၁၅ သိန်း၊ NLD တံဆိပ်ပါတဲ့ လွယ်အိတ်တွေဝယ်ဖို့ ငွေကျပ် သိန်း ၃၆၀ တို့ကို ကုမ္ပဏီလုပ်ငန်းရှင်ဆီက လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို စစ်ကောင်စီက အဂတိအမှုတွေနဲ့ စွပ်စွဲခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ကို အဲဒီအမှုတွေအားလုံးအတွက် တရားလိုပြသက်သေ တစ်ဦးအဖြစ် စစ်ကောင်စီက တင်သွင်းခဲ့တာပါ။

စစ်အာဏာ စသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံထားရတဲ့ ဦးမောင်ဝိတ်ကတော့ အမှုအားလုံးအတွက် ထွက်ဆိုချက်ပေးရာမှာ မိမိသဘောနဲ့မိမိ လှူဒါန်းတာသာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up