close

G20 ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတပူတင် တက်ရန် ရည်မှန်း

အင်ဒိုနီးရှားနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်း ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ထိပ်သီးအင်အားကြီး နိုင်ငံ ၂၀ အဖွဲ့ G20 ရဲ့ ထိပ်သီးညီလာခံကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တက်ဖို့ ရည်မှန်းထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မတ် ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
G20 အဖွဲ့ဝင်တချို့က ရုရှားကို G20 ညီလာခံ မတက်အောင် တားမြစ်ပိတ်ပင်နိုင်တယ်ဆိုတဲ့ အဆိုပြုချက်တွေကိုလည်း ပယ်ချခဲ့ပါတယ်။
သံအမတ်ကြီး လူမီနာ ဗိုရိုဘေဗာက "ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကလည်း ပိုကောင်းလာနေတာ အပါအဝင် အချက်တွေ အများကြီးအပေါ် မူတည်တယ်၊ သူ့ ရည်ရွယ်ချက်ကလည်း လာချင်တယ်။" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့ပြီးတဲ့နောက် G20 အုပ်စုထဲမှာ ဆက်နေသင့်သလား ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အနောက်မဟာမိတ်တွေ အကဲဖြတ်နေကြတယ်လို့ ဒီဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က "G20 ဟာ နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အဓိကဖိုရမ်ဖြစ်ပြီး ကမ္ဘာ့ အဓိကစီးပွားရေးနိုင်ငံတွေကို စုစည်းထားတယ်၊ ရုရှားဟာ အရေးပါတဲ့ အဖွဲ့ဝင်ဖြစ်တယ်၊ ဘယ်နိုင်ငံကမှ ဘယ်နိုင်ငံရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ဖယ်ရှားဖို့ အခွင့်အရေးမရှိဘူး။" လို့ မတ်လ ၂၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို ကျူးကျော်ခဲ့လို့ G8 စီးပွားရေးနိုင်ငံများအုပ်စု အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ခံခဲ့ရဖူးပါတယ်။
G20 အုပ်စုထဲမှာတော့ တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးအပြင် တခြားနိုင်ငံတွေလည်း ပါနေလို့ ရုရှားကို ဒီအုပ်စုကနေ ဖယ်ထုတ်ရေးဟာ အဖွဲ့ စည်းလုံးညီညွတ်ရေးအတွက် ရုန်းကန်ရနိုင်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up