တရုတ်နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယမြို့တော် နယူးဒေလီမှာ မတ် ၂၅ ရက်က တွေ့ဆုံတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါဟာ နယ်စပ်တိုက်ပွဲတွေ ၂၀၂၀ မှာ ဖြစ်အပြီး တရုတ်ထိပ်တန်း အရာရှိတယောက်ရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဝမ်ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာနဲ့ မနက် ၁၁ နာရီမှာ တွေ့ဆုံတယ်လို့ ဝန်ကြီးဌာန ပြောခွင့်ရက ရိုက်တာသတင်းဌာနကို ပြောပေမယ့် အသေးစိတ်တော့ မပြောပါဘူး။
ဝမ်ယိဟာ ဩဇာကြီးတဲ့ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်နဲ့လည်း မတ် ၂၄ ရက်က လေယာဉ်ပေါ်က ဆင်းအပြီး တွေ့ဆုံခဲ့တယ်လို့ မီဒီယာက ပြောပါတယ်။
ဝမ်ယိဟာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေဆီကို ဒီအပတ်ထဲမှာ သွားခဲ့တာပါ။ တရုတ်ဟာ ဩဇာလွှမ်းမိုးမှု နက်ရှိုင်းစေဖို့ ကြိုးစားနေတဲ့ တောင်အာရှဒေသ ခရီးစဉ်အတွင်း ညနေပိုင်းမှာ နီပေါနိုင်ငံဆီ ဆက်သွားဖို့ ရှိနေပါတယ်။
ဝမ်ဟာ ပါကစ္စတန်နိုင်ငံ ခရီးစဉ် မစခင်မှာ အငြင်းပွား ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရကို ပြစ်တင်ရှုတ်ချခဲ့ပါသေးတယ်။
မွတ်စလင်လူများစု နေထိုင်ရာ ကက်ရှ်မီးယားကို အိန္ဒိယနဲ့ ပါကစ္စတန်တို့ တပိုင်းစီ အုပ်ချုပ်ပေမယ့် တဖက်နဲ့တဖက် အပြည့်အဝပိုင်တယ်လို့ အခိုင်အမာ ငြင်းနေတာပါ။ တရုတ်ကတော့ နီးကပ်တဲ့မဟာမိတ်ဖြစ်တဲ့ ပါကစ္စတန်ကို ကျောထောက်နောက်ခံပေးထားပါတယ်။