ရုရှားစစ်သားကျဆုံးမှုများလာသဖြင့် ဒွန်းဘတ်စ်ဒေသကိုပဲ အဓိက ဦးတည်တိုက်မည်

ရုရှားက သူ့ရဲ့စစ်ဆင်ရေး ဦးတည်ချက်ပန်းတိုင်ကို ပြန်လည်ပုံဖော်မှုအနေနဲ့ ယူကရိန်းအရှေ့ဘက်ခြမ်း ဒွန်းဘတ်စ် ခွဲထွက်ဒေသ လုံးဝလွတ်မြောက်ရေးကို ပထမအဆင့်အနေနဲ့ အာရုံစိုက်လုပ်သွားမယ်လို့ ပြောပါတယ်။
တစ်လတာ စစ်ပွဲအတွင်း ယူကရိန်းတပ်တွေရဲ့ ပြင်းထန်တဲ့ခုခံမှုတွေ ရင်ဆိုင်နေရတာကြောင့် စစ်ရေး ဦးတည်ချက်နေရာတွေကို လျော့ချလိုက်ပြီး ပိုမိုသေချာမယ့်ဒေသတွေကို အဓိက ခြေကုပ်ယူ သိမ်းပိုက်ဖို့ ရုရှားကာကွယ်ရေးဌာနက ကြေညာလိုက်တာပါ။
လက်ရှိယူကရိန်းရဲ့ လူဟန့်ဒေသကို ရုရှားကျောထောက်နောက်ခံပြုတပ်တွေက ၉၃ ရာခိုင်နှုန်း သိမ်းပိုက်ထားပြီး ဒိုးနက်စ်ဒေသကို ၅၄ ရာခိုင်နှုန်း သိမ်းပိုက်ထားတာပါ။ အဲဒီဒေသနှစ်ခုက ဒွန်းဘတ်စ်ဒေသကို ဖွဲ့စည်းထားတာပါ။
ရုရှားကာကွယ်ရေးဌာနရုံး ပြောရေးဆိုခွင့်ရှိသူ ဆာဂေရုဒတ်စ်ကိုက “ရုရှားဖက်ဒရေးရှင်းတပ်ဖွဲ့က အဓိက စစ်ရေးပန်းတိုင်တွေကို ဆက်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ အထူးစစ်ဆင်ရေးတွေမှာ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်။ ရုရှားစစ်သား ၁၃၅၁ ဦး သေဆုံးပြီး ၃၈၂၅ ဦး ဒဏ်ရာရတယ်။”လို့ ပြောပါတယ်။
ယူကရိန်းဘက်ကတော့ ရုရှားစစ်တပ်က အရှက်ပြေပြောနေတာဖြစ်ပြီး ကျဆုံးတဲ့ ရုရှားစစ်သား ၁၅၀၀၀ ကျော်သွားပြီလို့ ပြောပါတယ်။