ယူကရိန်းနိုင်ငံပတ်လည်ကို ရုရှားစစ်သားများ ထပ်ရောက်နေဟု နေတိုးစွပ်စွဲ

ရုရှားက စစ်တပ်တွေ ပြန်ဆုတ်နေပြီး သံတမန်ရေးလမ်းကြောင်းကို ဖွင့်ပေးထားတယ်လို့ ပြောနေပေမဲ့ ယူကရိန်းနိုင်ငံပတ်လည်မှာ စစ်အင်အား အကြီးအကျယ် ချထားတဲ့ဆီကို နောက်ထပ် တပ်တွေ ထပ်ပို့နေတယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက ရုရှားကို ဖေဖော်ဝါရီ ၁၆ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
ရုရှားက စစ်ရေးလေ့ကျင့်နေတာဟာ အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီး ဖေဖော်ဝါရီ တလလုံး အတွင်းမှာ ယူကရိန်းကို ရုရှားက ကျူးကျော်မယ့် ဘေးကလည်း မြင့်မားနေဆဲပဲလို့ အနောက်နိုင်ငံ ထောက်လှမ်းရေး အကြီးတန်း အရာရှိတယောက်က သတိပေးထားပါတယ်။
နေတိုးကာကွယ်ရေးဝန်ကြီးတွေရဲ့ ၂ ရက်ကြာ အစည်းအဝေးစတင်ချိန်မှာ နေတိုး အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်လည်း တက်ရောက်ခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက သိမ်းပိုက်မယ့် ခြိမ်းခြောက်မှုတွေ လျော့သွားပုံရတယ်ဆိုတာကို မယုံနိုင်ဘဲ သံတမန်ရေး နည်းလမ်းအတွက် မျှော်လင့်ချက်ထားတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
“ဘယ်ရုရှားတပ်တွေ ဆုတ်သွားတာကိုမှ ကျနော်တို့ မမြင်ရသေးဘူး။ မြင်တာကတော့ သူတို့ ပုံစံနဲ့ သူတို့ တပ်တွေရော တပ်ဖွဲ့ဝင်တွေပါ ပိုတိုးနေခဲ့တာကိုပဲ ခုထိတော့ အရှိန်မလျော့သေးဘူး” လို့ စတော့တန်ဘာ့ဂ်က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ နေတိုးဟာ ရုရှားရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ ငြင်းနေပြီး ကာကွယ်ရေးဝန်ကြီးတွေကတော့ ညီညွတ်ကြောင်းပြဖို့ ကြိုးစားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။