close

စစ်ကောင်စီတပ်များကို တုံ့ပြန်တိုက်ခိုက်ရန်ရှိသဖြင့် ကော့ကရိတ်- မြဝတီ-ဝေါ်လေလမ်းကို ကေအန်ယူ ပိတ်

စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်တွေကို တုံ့ပြန်တိုက်ခိုက်ဖို့ရှိတဲ့အတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းနဲ့ မြဝတီ-ဝေါ်လေလမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ကားတွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး- ကေအန်ယူ  တပ်မဟာ ၆ က  မတ် ၂၆ ရက် ဒီကနေ့ သတိပေး ထုတ်ပြန်ပါတယ်။

ကော့ကရိတ်တောင်ပိုင်းနဲ့ ‌လေးကေ့ကော်ဒေသတွေမှာ လာရောက်တပ်စွဲနေတဲ့ စစ်ကောင်စီရဲ့တပ်တွေက ပြည်သူလူထုတွေရဲ့ ဘဝရပ်တည်မှုတွေကို နှောင့်ယှက်နေတဲ့အပြင် တပ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်လာလို့ KNLA တပ်ပေါင်းစုတွေက ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အခုလိုပြန်လည်တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ တပ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းအတွင်း ပြည်သူတွေထိခိုက်မှုမရှိစေဖို့ ဖြတ်သန်းသွားလာတာတွေကို ယာယီရပ်ဆိုင်းထားဖို့ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အားလုံးနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအားလုံးကို အသိပေးထုတ်ပြန်ခဲ့တာပါ။

အဆိုပါထုတ်ပြန်ချက်ဟာ ပြန်လည်ပယ်ဖျက်တဲ့ ထုတ်ပြန်ကြေညာချက် မထုတ်မပြန်မချင်း အတည်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပါတယ်။

မတ် ၇ ရက်က တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ လေကေ့ကော်ဒေသနဲ့ ဒေါနအရှေ့ခြမ်း ကော့ကရိတ်ခရိုင်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်းဆုတ်ခွာပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ အသိပေးအကြောင်းကြားခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မဆုတ်ခွာတဲ့အပြင် ထပ်မံအင်အားတိုးချဲ့လာတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာတွေကြောင့်  KNLA တပ်ပေါင်းစုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို တိုက်ပွဲတွေက ပိုမိုပြင်းထန်လာပါတယ်။

မတ် ၂၃ ရက်က ပြည်နယ်အတွင်း အပစ်အခတ်မဖြစ်ပွားရေးအတွက် ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့အဖွဲ့မှာ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ပူးပေါင်းပါဝင်ဖို့ စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက  အကြောင်းကြားလာပေမဲ့ ကေအန်ယူက လက်မခံခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up