ကော့ကရိတ်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံ ၁၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ မတ်လ ၂၁ ရက် မနက်က စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၁၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ဒီကနေ့ မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်တွေနဲ့ KNLA တပ်ရင်း ၁၈ တို့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီး ရမ်းသန်းပစ်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံကျေးရွာသား ၁၂၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
မတ် ၂၀ ရက်က ကော့ကရိတ်မြို့နယ် တောနော်ဆေးရုံကို ကျော်လွန်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားလာတဲ့အတွက် အခုလိုတိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံလူဦးရေဟာ ပိုမိုတိုးပွားလာနေတာပါ။
ကေအန်ယူတပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ကေအန်ယူက တာဝန်ယူစောင့်ရှောက်ပေးထားရာ နေထိုင်ရေးအတွက် ယာယီအဆောက်အအုံတွေ ဆောက်လုပ်ပေးခဲ့ပေမဲ့ အချိန်အခါမဟုတ်ကျရောက်ခဲ့တဲ့ မိုးသက်လေပြင်းနဲ့အတူ ယာယီတဲတွေ ပျက်စီးခဲ့ရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ ယာယီနေထိုင်ရေးအတွက် ယာယီအဆောက်အအုံ အလုံး ၃၀၀ ခန့် လိုအပ်နေသလို အဆောက်အဦ ၁ လုံးရဲ့ ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ ၁၂၀၀ ရှိကာ စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ အကူအညီလိုပါက မည်သူမဆို ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလကစတင်ပြီး တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်စွန့်ခွာပြီး နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ ဒီကနေ့အထိ ခိုလှုံနေရပါတယ်။