မြန်မာစစ်အာဏာရှင်ကို လက်နက်ထောက်ပံ့မှုရပ်တန့်ရန် ကမ္ဘာ့နိုင်ငံများ တောင်းဆို

မြန်မာစစ်အာဏာရှင်အဖွဲ့ကို တချို့နိုင်ငံတွေက လက်နက်တွေထောက်ပံ့နေတုန်းဖြစ်ပြီး ဒါတွေအားလုံးရပ်တန့်ကာ မြန်မာပြည်သူတွေကိုထောက်ခံကြဖို့ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံပေါင်း ၂၀ က ထုတ်ပြန်တောင်းဆိုပါတယ်။
ဥရောပသမဂ္ဂ၊ ယူကရိန်း၊ အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့က ဒီနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ ပူးတွဲကြေညာချက်မှာ ထုတ်ပြန်ပြောဆိုတာပါ။
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ညှင်းပန်းတာတွေကို ဆက်လက်ဆောင်ရွက်နိုင်စေမယ့် သေစေနိုင်လောက်တဲ့ လက်နက်အထောက်အပံ့တွေကို တချို့နိုင်ငံတွေက ဆက်လက် ပေးအပ်နေတုန်းလို့ ဆိုပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/75/287 နဲ့ အညီ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းကိရိယာတွေ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာတွေ ရောင်းချတာ၊ လွှဲပြောင်းပေးအပ်တာ၊ နည်းပညာအကူအညီပေးအပ်တာတွေ ရပ်တန့်ပြီး မြန်မာပြည်သူတွေကို အားပေးထောက်ခံကြဖို့ နိုင်ငံအားလုံးကိုတိုက်တွန်းတယ်လို့ဆိုပါတယ်။
အကြမ်းဖက်တာတွေကို ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ပို့ဆောင်ဖို့အတွက် စစ်တပ်ကိုလည်း ထပ်မံတောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက် အခုလိုနေ့မှာ အနည်းဆုံး လူ ၁၀၀ လောက် သတ်ဖြတ်ခံခဲ့ရတာ အပါအဝင် ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း သတ်ဖြတ်ခံရသူတွေနဲ့အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေကိုလည်း အောက်မေ့ဆင်ခြင်မိတယ်လို့ ကမ္ဘာ့နိုင်ငံတွေက ထုတ်ပြန်ထားပါတယ်။