ထိုင်းနိုင်ငံ၊ ပရာကျင်းပူးရီးမြို့၌ ဈေးမီးလောင်ပြီး ဘတ်သန်းပေါင်း ၁၀၀ ကျော်ဆုံးရှုံး

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းပူးရီးမြို့လယ်ခေါင်မှာ မတ် ၂၉ ရက် မနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွါးပြီး ဘတ်သန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မီးလောင်တဲ့နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က တည်ဆောက်ထားခဲ့တဲ့ နှစ်ထပ်ပျဉ်ထောင် ဈေးဆိုင်တန်းတွေဖြစ်ပြီး မနေ့ညနေ ၅ နာရီကျော်လောက်က ကုန်စုံဆိုင်အဟောင်း တဆိုင်ကနေ စလောင်ကာ အနီးနားရှိ ဂက်စ်အိုးအရောင်းဆိုင်၊ ဆေးနဲ့ဆေးပစ္စည်း အရောင်းဆိုင်၊ အထည်ဆိုင်၊ စားသောက်ဆိုင်၊ မျက်မှန်ဆိုင် စတဲ့ဆိုင်တွေဆီ ကူးစက်သွားတယ်လို့ ဆိုပါတယ်။
မီးသတ်ကား ၁၀ စီးထက်မနည်း လာရောက်ငြှိမ်းသတ်ပေမယ့် ည ၉ နာရီလောက်မှာမှ မီးငြိမ်းသွားကြောင်း မီးစလောင်ရတဲ့ အကြောင်းကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၃၀ ကျော် မီးထဲပါသွားကာ ဆုံးရှုံးမှု ဘတ်သန်းပေါင်း ၁၀၀ ခန့်ရှိမယ်လို့ သက်ဆိုင်ရာက ခန့်မှန်းပါတယ်။
မီးလောင်မှုမှာ ကယ်ဆယ်ရေးလုပ်သား ၁ ဦးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရသွားပြီး သေဆုံးသူတော့မရှိခဲ့ပါဘူး။
မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့ ပြည်သူတွေကို အရေးပေါ် နေရာချထားပေးတာတွေ ဆောင်ရွက်နေပြီး အကူအညီ မရသေးသူတွေအနေနဲ့ ဖုံးနံပါတ် ၀၆၅၅၅၆၄၃၈၈ ကို ၂၄ နာရီ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။