ရုရှားနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ဆုံဆွေးနွေး

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်ဟာ ဒီအပတ်အစောပိုင်းမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့အပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာနဲ့ အိန္ဒိယ မြို့တော် နယူးဒေလီမှာ ဧပြီ ၁ ရက်က တွေ့ဆုံပါတယ်။
အနောက်နိုင်ငံတွေက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့နေချိန်မှာ အာရှအင်အားကြီးနိုင်ငံတွေကို သူ့ဘက်ပါအောင် ရုရှားအစိုးရက ကြိုးစားနေပါတယ်။
"အိန္ဒိယနိုင်ငံဟာ တဖက်သတ်လမ်းကို မလျှောက်ဘဲ ဒီအခြေအနေ တရပ်လုံးမှာ အချက်အလက်အပေါ် အခြေခံခဲ့တဲ့အတွက် ကျနော်တို့ ချီးကျူးပါတယ်"လို့ လာ့ဗ်ရော့ဗ်က ဂျိုင်ရှန်ကာနဲ့ အစည်းအဝေး အဖွင့်မှတ်ချက်မှာ ပြောပါတယ်။
ဖေဖော်ဝါရီနှောင်းပိုင်းမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လျော့ပါးစေရေး အိန္ဒိယအစိုးရကို ဆွဲဆောင်စည်းရုံးဖို့ အမေရိကန်နဲ့ ဗြိတိန် အကြီးတန်းအရာရှိတွေ နယူးဒေလီမြို့တော်မှာ ဆွေးနွေးအပြီး နောက်နေ့မှာ လာ့ဗ်ရော့ဗ်ရဲ့ ခရီးစဉ် ဖြစ်ခဲ့တာပါ။
တရုတ်နဲ့ အိန္ဒိယတို့ဟာ ရုရှားရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချတာ မလုပ်တဲ့ နိုင်ငံကြီးတွေလို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။