မြန်မာ့အရေးဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးပွဲပြုလုပ်မည်

ဒီလနှောင်းပိုင်းမှာကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံရဲ့ ကိုယ်စားပြုမှုကိစ္စအပါအဝင် စစ်တပ်အုပ်စိုးနေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အောက်တိုဘာ ၁၅ ရက် သောကြာနေ့မှာ အရေးပေါ်အွန်လိုင်းအစည်းအဝေး ပြုလုပ်ဖို့ရှိတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ဝန်ကြီးတွေဟာ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးမှာ မဖိတ်ကြားဖို့ တချို့အဖွဲ့ဝင်နိုင်ငံတွေရဲ့အဆိုပြုချက်ကို ထည့်သွင်းစဉ်းစားဖို့ မျှော်လင့်ရပြီး တဖက်မှာလည်း အာဆီယံ အချက် ၅ ချက်ပါ သဘောတူညီချက်ကို ဖော်ဆောင်မယ့် အထူးသံတမန်ကို လက်ခံဖို့ စစ်ကောင်စီကို ထပ်တလဲလဲ တောင်းဆိုနေပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်တင်မြှောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးမှာ ပါ၀င်ခွင့်မပေးဖို့ စင်္ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့သောကြာနေ့က အဆင့်မြင့်အာဆီယံထိပ်သီးအစည်းအဝေးမှာ အဆိုပြုခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲ့ဒီအစား မြန်မာ့စစ်တပ်ကခန့်အပ်ထားတဲ့ နိုင်ငံခြားရေး၀န်ကြီး သို့မဟုတ် အကြီးတန်းအရာရှိ တယောက်ယောက်ကတော့ ခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာ ပါဝင်နိုင်တယ်လို့ ဆိုပေမယ့် သေချာတော့ မသိရသေးပါဘူး။
အခုသောကြာနေ့ virtual အစည်းအဝေးကို လက်ရှိအာဆီယံဥက္ကဋ္ဌ ဘရူနိုင်းက လက်ခံကျင်းပလိမ့်မယ်လို့ အာဆီယံနိုင်ငံတွေမှ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
ဒီကိစ္စဘရူနိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနကလည်း မှတ်ချက်ပြုဖို့ အီးမေးလ်ပေးပို့ တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
အာဆီယံရဲ့ သံတမန်ရင်းမြစ်တခုအရ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဘက်ပေါင်းစုံ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဆွေးနွေးရေးကတော့ မူအဖြစ် ရှိနေဆဲ လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာရေးသားဖော်ပြထားပါတယ်။