close

ပုသိမ်မြို့က နိုင်ငံရေးအကျဉ်းသား ၁ ဦး၏ဇနီး အဆိပ်သောက်သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်မှာနေထိုင်တဲ့ ကဗျာဆရာ မောင်အောင်ပွင့်ရဲ့ သမီးလည်းဖြစ် နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ဇနီးလည်းဖြစ်တဲ့ မလုံမငြိမ်းချမ်းဟာ ဧပြီ ၂ ရက်က အဆိပ်သောက်သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းဖွဲ့တွေထံက  သိရပါတယ်။ 

မလုံမငြိမ်းချမ်း သေဆုံးချိန်ဟာ ညပိုင်းထဲကဖြစ်နိုင်ပြီး ဒီမနက်ပိုင်းမှ သိရလို့ ဒေသခံလူမှုကူညီရေးအသင်းဖွဲ့က ကားနဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခုရင်ခွဲရုံးမှာ ပြန်မထုတ်လာသေးဘူး ဖြစ်တာတော့ ညကတည်းက ဖြစ်နေတယ် ထင်တယ်။ အဓိက ယောကျ်ားဖြစ်သူ ထောင်ကျသွားတာလည်း ပါမယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

မလုံမငြိမ်းချမ်းရဲ့ ခင်ပွန်းဖြစ်သူ ကိုချက် (ခ) ကိုကျော်လှမိုးကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် မတ်လပိုင်းထဲမှာဖမ်းဆီးပြီး ၂၀၂၂ ခုနှစ် ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်မှာ ထောင် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မလုံမငြိမ်းချမ်းသေဆုံးချိန်မှာ အသက်မပြည့်သေးတဲ့ သားတယောက်ကျန်ခဲ့ပြီး သေဆုံးတဲ့အကြောင်းကိုတော့ ထောင်ကျနေတဲ့ အမျိုးသားက မသိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up