close

ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီး

ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီး

DVB

စစ်ကောင်စီတပ်က မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို ဖြုံဖူးကျေးရွာကို ဧပြီ ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ကျောက်ဖူးကျေးရွာက အမျိုးသမီးတဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၆ နာရီခွဲ၊ ၇ နာရီလောက်က ဖြုံဖူးရွာကို မီးရှို့သွားတယ်၊ သေနတ်တွေနဲ့လည်းပစ်တယ်။ မီးလောင်တာက တရွာလုံးနီးပါးလောင်မယ်ထင်တယ်၊ မီးခိုးတွေ လုံးနေအောင်တက်လာတာဗျ။ အခု မနက် ၁၁ နာရီလောက်မှာ ကျောက်ဖူးရွာက အမျိုးသမီး တယောက်သေနတ်ပစ်ခံရလို့ သေသွားပြီ။ ကျောက်ဖူးရွာ၊ ကျွဲကုန်းရွာဘက်ကလူတွေလည်း အကုန်ထွက်ပြေးနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို ဧပြီ ၂ ရ က်နေ့က စစ်အင်အား ၁၅၀ လောက်နဲ့ ဝင်ရောက်စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသလံ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို ဒူးထောက်၊ လက်ကို ခေါင်းပေါ်တင်ခိုင်းကာ ဖုန်းနဲ့ ပိုက်ဆံတွေကို လုယက်ယူဆောင်သွားကြသလို ရွှေလှံ၊ ဆင်ခြေယာရွာတွေမှာလည်း မွှေနှောက်၊ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မီးလောင်ကျွန်းကျေးရွာ (တောင်ဘက်)၊ မိဖုရားကျေးရွာ၊ ခြံယာကျေးရွာ၊ လှေခုတ်ကျေးရွာတွေကနတ်စင်၊ စာကြည့်တိုက်၊ ဈေးဆိုင်တွေအပါအဝင် ကျေးရွာနေပြည်သူပိုင်အိမ် ၁၅ လုံး၊ ဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်းက တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်နေ့မှာ မီးလောင်ကျွန်းရွာ (တောင်ဘက်) က အသက် ၆၀ ကျော် မသန်စွမ်း ဦးမြင့်နဲ့  ခြံယာကျေးရွာက ၆၃ နှစ်အရွယ် စစ်ရှောင် ဒေါ်မြမွှေးကိုလည်း   ပစ်သတ်ခံခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းသုံးကြောင်းထိုးနေပြီး ပထမစစ်ကြောင်းမှာ ဇရပ်နီ ကျေးရွာကနေ ဆင်ခြေယာဘက်နဲ့ ဒုတိယစစ်ကြောင်းက ဖြုံဖူးကျေးရွာကနေ မဲကုန်းကျေးရွာဘက် တို့ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ကာ ဝင်ရောက်နေကြောင်း၊ တတိယ စစ်ကြောင်းကတော့ မင်းရွာကျေးရွာ အလယ်ဘုံကျောင်းမှာ တပ်စွဲနေတာကြောင့် ပြည်သူတွေအနေနဲ့ ဝေးရာမှာ နေကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ဧပြီ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

photo ဒေသခံ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up