ဆားလင်းကြီးမြို့သို့သွားသည့်လမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နဲ့ ညောင်ပင်ကြီးဆိပ်ကမ်းသွားတဲ့ လမ်းကို ဧပြီ ၂ ရက် ဒီမနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘာကြောင့်ပိတ်ဆို့ထားတယ်ဆိုတာ မသိရသေးပေမဲ့ စစ်ဆင်ရေးပြုလုပ်ဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။
ဆားလင်းကြီးမြို့ဒေသခံတစ်ဦးက"မနက်က သူတို့ ပိတ်ထားတာ။ အုတ်ခဲတွေနဲ့တန်းပိတ်ထားတာ။ ဘာကြောင့် ပိတ်တာလဲတော့မသိဘူး။ တခါတလေရွာတချို့ စစ်ကြောင်းထိုးမယ်ဆိုရင်လည်း အဲ့လို လုပ်တတ်တော့ ဒေသခံရွာတွေအနေနဲ့ စိုးရိမ်နေရတယ်" လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးအကြောင်းပြကာ ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲတာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ဖူးပါတယ်။
မတ်လ ၃၁ ရက်ကလည်း ဆားလင်းကြီးရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးနဲ့ အချက် ၃၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။