close

တရုတ်နိုင်ငံသို့ မြန်မာငှက်ပျော တရားဝင်တင်ပို့ခွင့်ရ

မြန်မာနိုင်ငံက ငှက်ပျောသီးတွေကို တရုတ်နိုင်ငံကို တရားဝင်တင်ပို့နိုင်ဖို့အတွက် အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက်ကို  ဧပြီ ၁ ရက်နေ့မှာ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ငှက်ပျောအပါအ၀င် မြန်မာလယ်ယာထွက်ကုန်တွေ တရုတ်နိုင်ငံကို တရား၀င် တင်ပို့နိုင်ဖို့အတွက် အရင် အရပ်သားအစိုးရ လက်ထက်ကတည်းကလုပ်ဆောင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက တရုတ်နိုင်ငံ အကောက်ခွန်ဌာနသို့ တရားဝင် တင်ပို့ခွင့်ရရှိဖို့ သီးနှံအမည်ပေါင်း ၂၀ ကျော်ကိုပေးပို့လျှောက်ထားခဲ့ရာက ကြက်မောက်၊ မင်းကွတ်၊ လိုက်ချီး၊ ဖရဲ၊ သရက်၊ သခွားမွှေး၊ ဆီးသီးနဲ့ လောင်ဂန်တို့ကို တရားဝင်တင်ပို့ခွင့် ရရှိခဲ့ပြီးဖြစ်ပါတယ်။

အခုအခါငှက်ပျောသီးကို တရားဝင်တင်ပို့နိုင်ဖို့ လက်မှတ် ရေးထိုးထာဖြစ်ပြီး နှစ်ဘက် သဘောတူစာချုပ်အရ တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ ငှက်ပျောသီးနှံကို  တင်ပို့နိုင်မှာဖြစ်တယ်လို့ အဲဒီဌာနက သိရပါတယ်။

ဒါ့အပြင် နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကွမ်းသီးအစိမ်းတို့ တရား၀င်တင်ပို့ခွင့် ရရှိဖို့အတွက်လည်း နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ သခွားမွှေး၊  သရက်သီး၊ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ ချဉ်ပေါင်ဖာလာ၊ ဝဥနဲ့ ဆီးသီးခြောက်တို့ကို အများဆုံး တင်ပို့နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆန်၊ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊ နွားအရှင် နဲ့ ပြောင်း တရားဝင်တင်ပို့နိုင်ရေးအတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး(SPS) သဘောတူစာချုပ်တွေကို မြန်မာနိုင်ငံနဲ့ GACC တို့အကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥတို့ကို တရား၀င် တင်ပို့နိုင်ဖို့ အတွက်လည်း နှစ်ဖက် သဘောတူစာချုပ် မကြာမီ လက်မှတ်ရေးထိုးနိုင်ဖို့ တရုတ်နိုင်ငံနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up