နိုင်ငံရပ်ခြားရှိ ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူမည့်အပေါ် တုံ့ပြန်နိုင်စွမ်းရှိဟု သမ္မတ ပူတင်ပြော

နိုင်ငံရပ်ခြားရှိ ရုရှားပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဖို့ လုပ်ဆောင်နေကြတာဟာ အသွားနှစ်ဖက်ပါတဲ့ ဓားနဲ့တူကြောင်း၊ ရုရှားအနေနဲ့ တုံ့ပြန်နိုင်စွမ်းရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
ရုရှားပိုင် ဂက်ဇ်ပွန်ကုမ္ပဏီမှ ဓာတ်ငွေ့ရောင်းဝယ်မှု၊ သိုလှောင်မှု၊ သွယ်တန်းမှုတွေကို ဂျာမနီက ထိန်းချုပ်တော့မယ်လို့ ကြေညာပြီးနောက် သူက အဲဒီလို ပြောလိုက်တာပါ။
သမ္မတ ပူတင်က “ဈေးကွက်မရှိတဲ့ အကျိုးဆက်ကြောင့် စွမ်းအင်ကဏ္ဍ အခြေအနေ ဆိုးနေပါတယ်။ တချို့ ဥရောပနိုင်ငံတွေမှာရှိတဲ့ ကျနော်တို့ ဂက်ဇ်ပွန်ကုမ္ပဏီကို ဖိအားပေးလာနေတယ်။ ကျနော်တို့ ပိုင်ဆိုင်မှုတွေကို တရားဝင်သိမ်းမယ်လို့ ကြားနေရတယ်။ ဒါဟာ အသွားနှစ်ဖက်ပါတဲ့ ဓားမျိုးနဲ့ လုပ်တယ်ဆိုတာ မမေ့ပါနဲ့၊ ကျနော်တို့လုပ်ရင် ဒီထက်ပိုဆိုးလိမ့်မယ်” လို့ ပြောပါတယ်။
ပူတင်က ရုရှားနဲ့ မိတ်ဆွေမဟုတ်တော့တဲ့ နိုင်ငံတွေကို စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု ဖြတ်တောက်ဖို့ စောင့်ကြည့်နေကြောင်းလည်း ပြောပါတယ်။