close

စစ်ကောင်စီတပ်မှ လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပါက ဒေါ်လာ ၅ သိန်း ချီးမြှင့်မည်

အကြမ်းဖက် စစ်ကောင်စီတပ်ကနေ လေယာဉ်၊ ရဟတ်ယာဉ်၊  တိုက်ရေယာဉ်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာရင် အမေရိကန်ဒေါ်လာ ၅ သိန်း၊ ဒါမှမဟုတ် မြန်မာငွေကျပ်သိန်း ၁၀,၀၀၀ ထိ ဆုငွေ ချီးမြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က အသုံးပြုနေတဲ့ လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တရားတွေနဲ့ စပ်လျဉ်းပြီး ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ဧပြီ၇ ရက် ဒီကနေ့ ရက်စွဲနဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

ထုတ်ပြန်ချက်ထဲမှာတော့ ဝေဟင်၊ ရေပြင်၊ မြေပြင်မှ တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်၊ တင့်ကား၊ သံချပ်ကာယာဉ်စတဲ့ စက်ယာဉ်ယန္တရားတွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုပေးနိုင်ဖို့ ပြည်သူ့အခွန်ဘဏ္ဍာငွေနဲ့ ဝယ်ယူထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ခုအခါမှာတော့ အကြမ်းဖက်စစ်ကောင်စီက ကာကွယ်မှုမပေးတဲ့အပြင် အဆိုပါ စက်ယာဉ်ယန္တရားတွေအသုံးပြုပြီး အပြစ်မဲ့ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရက်ရက်စက်စက် တိုက်ခိုက်ဖျက်ဆီးနေတာဟာ လုံးဝခွင့်လွှတ် နိုင်ဖွယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ခုလိုဆုငွေထုတ်ပြန်လိုက်တာဖြစ်ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းမှာ ရပ်နားထားချိန် အကြီးစားပျက်စီးမှု ဖြစ်တဲ့အထိ ဖျက်ဆီးနိုင်ရင်၊ အကြမ်းဖက်တိုက်ခိုက်ဖို့ ပျံသန်း/ထွက်ခွါလာချိန် လမ်းခုလတ်မှာ တနည်းနည်းနဲ့ ပျက်စီး စေဖို့ စွမ်းဆောင်နိုင်ရင်၊ ပစ်မှတ်ဆီ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုကို ဗုံးကြဲတိုက် ခိုက်မှုမပြု လုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်ရင်၊ လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်တွေကို  အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်ရင် တစ်စီးကို ဆုငွေ အ မေရိကန်‌ဒေါ်လာ ၃ သိန်း၊ ဒါမှမဟုတ် မြန်မာငွေကျပ်သိန်း ၆,၀၀၀ ထိ ချီးမြှင့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်လေယာဉ်ဆီ သိုလှောင်ကန်တွေကို ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်ရင်၊ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်တိုက်၊ လက်နက်စက်ရုံတွေကို ဖောက်ခွဲဖျက်ဆီးနိုင်ရင်၊ မြေပြင်ထိုးစစ်မှာ အသုံးပြု တဲ့ တင့်ကား၊ သံချပ်ကာယာဉ်တွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာရင်၊ တင့်ကား၊ သံချပ်ကာယာဉ်တွေ လုံးဝပြန်လည်အသုံးပြုလို့ မရတဲ့အထိ ပစ်ခတ်ချေမှုန်းနိုင်ရင် ဆုငွေအမေရိကန် ဒေါ်လာ ၁ သိန်း၊ ဒါမှမဟုတ် မြန်မာငွေကျပ်သိန်း ၂,၀၀၀ ထိ ချီးမြှင့်မယ်လို့ ဆိုပါတယ်။

NUG အစိုးရရဲ့ ဆုချီးမြှင့်ငွေတွေကိုတော့ အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်တဲ့ အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိပြီး The Public Property Protection Act-1947, Section 3(b)ပါ ပြဋ္ဌာန်းချက်နဲ့အညီ ထုတ်ပြန်လိုက်တဲ့ ဒီအမိန့်အရ ချီးမြှင့်တဲ့ ဆုကြေးငွေတွေလက်ခံရယူတာတွေနဲ့ ဆောင်ရွက်ချက်တွေကို The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ် ပေးခံရခြင်း မရှိစေရဘူးလို့လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဆက်လက် ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up