သံတောင်မြို့ ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ၊ အလောင်းသယ်စဉ် ဗုံးကွဲပြီး စစ်သား ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်မြို့၊ ပသိခန်းမအနီးမှာ ဧပြီ ၇ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တယောက် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အလောင်းလာရောက်ယူဆောင်စဉ် ဗုံး ၁ လုံး ပေါက်ကွဲခဲ့လို့ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောဆန်မြူရယ် (ခ) ဘိုတဲအဲန်ကို သံတောင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ မိသားစုဝင်တွေက အလောင်းလာရောက်ယူဆောင်စဉ် အလောင်းအနီး ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့တာလို့ ဆိုပြောပါတယ်။
စောဆန်မြူရယ်ဟာ လူငယ်တွေရဲ့တော်လှန်ရေးလှုပ်ရှားမှုတွေ၊ သင်တန်းတွေကိုစုံစမ်းပြီး စစ်ကောင်စီကို သတင်းပေးပို့ပြီး လမ်းပြတာတွေ၊ စစ်ဘေးရှောင် အကူအညီပေးရေးအဖွဲ့တွေကို တားဆီးခြိမ်းခြောက်တာတွေ လုပ်လေ့ရှိတယ်လို့လည်း သံတောင်မြို့ခံက ပြောပါတယ်။
အခင်းဖြစ်ပွားရာအနီးနေထိုင်သူတစ်ဦးက “သူက စကစခန့် ရပ်ကွက်မှူးဆိုတော့ တပ်ကကောင်တွေနဲ့ အမြဲအဆက်အသွယ်ရှိနေတယ်။ ကလေးတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး တပ်ကို သတင်းပေးနေတဲ့ ဒလန်အကြီးစားလေ။ ဒေသခံ PDF တွေက ရှင်းပစ်လိုက်တာ”လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ပတ်သက်ပြီး စာထုတ်ထားပြီး သတိပေးထားသလို ဆက်လက်ပြီး စစ်အာဏာရှင်နဲ့လက်တွဲကာ ပြည်သူတွေကိုဒုက္ခပေးနေမယ်ဆိုရင် ကရင်လူမျိူးဖြစ်စေ၊ ဗမာလူမျိူးဖြစ်စေ တော်လှန်သွားမယ်လို့ တောင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။
အလားတူ ၂၀၂၁ ခုစက်တင်ဘာလက သံတောင်မြို့သစ်(၁၃ မိုင်)၊ မြို့လယ်ခေါင် ကားလမ်းဘေးမှာ အမည်မသိသေနတ်သမားတွေက စစ်ကောင်စီသတင်းပေး တယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ဖူး ပါတယ်။