close

စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃ ခုမှာ ဧပြီ ၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းမှာ ဧပြီ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက် မိုင်းပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီကောင်တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိမ်းလို့ရတဲ့မိုင်းတွေ ဖျက်ဆီးပစ်ဖို့ နေရာရွေ့တဲ့သဘော လုပ်တာကနေ အခုလိုပေါက်ကွဲတာဖြစ်တာ။ သေတာကတော့ အရာရှိ ၁ ဦး သေတယ်၊ တပ်သားအဆင့် သေတယ်။ အခြားတပ်သား ၁  ဦး ခြေထောက်ဖြတ်ရမယ့် အခြေအနေရှိတယ်။ နောက်ပြီး ကားသာမား ၁ ဦး လက်ထိမှန်ဒဏ်ရာရရှိတာတွေ ရှိနေတယ်” လို့ ပုလဲမြို့ခံတဦးက  ပြောပါတယ်။

အခုပေါက်ကွဲခဲ့တဲ့ ပုလဲထွေအုပ်ရုံးဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တာကြောင့် ရုံးအဆောက်ဦ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးဘက်မှ မုံရွာ-မန္တလေး ကားလမ်းကြီးဘက် ထွက်လာတဲ့ စစ်ကောင်စီယာဉ်ကိုလည်း ဧပြီ ၇ ရက်နေ့ မနက်အစောပိုင်း ၂ ခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) M2W ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

မုံရွာ-မန္တလေးသွားကားလမ်းနတ်ရေကန်နဲ့ ငါးယှန် အကြားမှာ မိုင်းဆွဲခဲ့ရတာလို့ သိရပါတယ်။

မြောင်အမျိုးသမီးစစ်သည်တော်မဟူရာခင်က “ဒီနေ့ဆွဲခဲ့တဲ့မိုင်းက ကျမတို့ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) M2W က ထုတ်လုပ်တဲ့ ပဒေသာမိုင်းနဲ့ သင်္ကြန်ကြို လက်ဆောင်ပေးခဲ့တာပါ။ ကားနှစ်စီးပျက်စီးတယ်။ အဲတာက မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ။ ကျန်တာကတော့ အသေးစိတ် စုံစမ်းနေဆဲပါပဲ” လို့ အတည်ပြုပြောဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နဲ့ လုံခြုံရေးအဖွဲ့-CDSOM၊Myaung Union Army၊ စစ်ကိုင်းခရိုင်တပ်ရင်း-၂ တပ်ခွဲ (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် အုန်းတောရွာ အနောက်ဘက်မှာလည်း မုံရွာ ဘက်ကနေ စစ်ကိုင်းဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ကား ၈ စီးကို ရှေ့ထွက်မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က လုပ်ဆောင်တာလို့ သိရပါတယ်။

“သူတို့အလာမှာ သေချာချိန်ဆွဲလိုက်တာ။ ကားတွေပေါ် ပါတဲ့ သူအများကြီးတောင် တစ်ယောက်ပဲ ပြန်ပစ်နိုင်တော့တာ။ သေဆုံး ဒဏ်ရာရတာ ရှိနိုင်တယ်” လို့ PAFD တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မတ် ၁၁ ရက်နေ့ကလည်း မုံရွေ-မြင်းမူ ဘက်ကနေ စစ်ကိုင်းကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို PAFD က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ မြောင်မြို့နယ်နဲ့ စစ်ကိုင်းမြို့တို့မှာ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up