၄ နှစ်အရွယ်ကလေးငယ်ကို စစ်တပ်က ဖမ်းဆီးမှု သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်ဟု NUG ရှုတ်ချ

အသက် ၄ နှစ်အရွယ် မူကြိုကျောင်းသားလေးအပါအဝင် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးခဲ့တာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က ကြေညာပါတယ်။
မိဘတွေကို အလိုရှိတာကြောင့် ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ မူကြိုကျောင်းကနေ အသက် ၄ နှစ်အရွယ်ကလေးငယ်ကို ဧပြီ ၅ ရက်မှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့အပေါ် NUG က ဒီကနေ့ ဧပြီ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။
ဖခင်ကို ရှာဖွေမတွေ့တဲ့အတွက် အသက် ၄ နှစ်အရွယ် မူကြိုကျောင်းသားဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင်သွားချိန်ကစပြီး အခုချိန်ထိ ဘယ်နေရာမှာထားရှိလဲဆိုတာ မသိရတဲ့ပြင် မိခင်ကို ဖမ်းဆီးပြီး စစ်ကြောရေး လုပ်ငန်းစဉ်အတွင်း ကလေးကို ထပ်မံ ဖမ်းဆီးခဲ့တာကြောင့် ကလေးနဲ့ မိခင်အတွက် အသက်န္တရာယ် စိုးရိမ်ဖွယ်ဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဧပြီ ၅ ရက်ညနေက ရန်ကုန်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါမူကြိုကျောင်းကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ကလးငယ်အား ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“DC တစီး၊ အိမ်စီးကားတစီးနဲ့ ရဲကားတစီး ပါတယ်။ ရဲကားက စက်တွင်းလမ်းထိပ်ကို လမ်းပိတ်တယ်၊ ပြီးတော့ မူကြိုကျောင်းထဲကို အရပ်ဝတ်တွေ၊ ရဲယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ ဝင်သွားတယ်၊ ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါတယ်။ နာရီဝက်လောက်နေတော့ ပြန်ထွက်လာကြပြီး ကလေးကိုဖမ်းခေါ်သွားကြတာပဲ။ ကလေးကငိုပြီး ပါသွားတာပဲ။”
ကလေးငယ်ရဲ့မိဘတွေဟာ PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးကတော့ အဘိုးဖြစ်သူနဲ့ နေထိုင်တာလို့ ဆိုပါတယ်။
အလုံမြို့နေ ပြည်သူတဦးကလည်း “ဒီလိုမူကြိုကလေးဆိုတဲ့ အရွယ်ဟာ ဘာမှမသိသေးတဲ့အရွယ်၊ အခုလို အင်အားနဲ့ လာဖမ်းတာက ဒီကလေးအတွက် ဘယ်လောက်တောင် ဒဏ်ရာရသွားမလဲ။ သူ့မိဘတွေ အပြစ်လုပ်တယ်ဆိုရင်တောင် ကလေးကို ဖမ်းစရာအကြောင်းကိုမရှိတာ။ အခုလို အပြစ်မဲ့ လူမမယ်ကလေးတယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးတာဟာ အတော်ဆိုးရွားပါတယ်” လို့ ပြောပါတယ်။
ကလေးငယ်ကို ဒီလို ဖမ်းဆီးခဲ့တဲ့ကိစ္စကို ကုလသမဂ္ဂကို တင်ပြထားသလိုပဲ တရားမျှတမှုကို ရယူသွားမယ်လို့ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ကတော့ သတင်းရရချင်း ကျမတို့ ယူအန်ကို ရီပို့တင်ပြီးသွားပြီ။ အမေကိုလည်း သေနတ်နဲ့ ပစ်ဖမ်းတယ်ဆိုတဲ့ ကျမတို့ ကြားတဲ့ဟာတွေ ရှိတယ်။ တော်တော်တော့ ဒေါသထွက်ဖို့ ကောင်းတယ်။ ကလေးတယောက်ကို ဒါမျိုး လုပ်စရာ ဘာအကြောင်းမှ မရှိဘူး။ ဆိုတဲ့ အခါကျတော့ ဒါက ပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာ၊ ပြောင်ပြောင် တင်းတင်း ချိုးဖောက်တဲ့ကိစ္စဖြစ်တယ်။ ကနေ့အထိတော့ စစ်ကောင်စီက ဒါနဲ့ ပတ်သက်ပြီး ဘာတခုမှတော့ မတုံ့ပြန်သေးဘူး။ ဒါပေမဲ့ ကျမတို့ကတော့ တော်တော် ဒေါသထွက်တယ်။ ဒီကိစ္စကိုပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး တရားမျှတမှုကို ရအောင် ပြန်ယူရမယ်။ ”
ဒီလိုဖြစ်စဉ်တွေကို နိုင်ငံတကာနဲ့ တွေ့တဲ့အခါမှာ ပြောဆိုတင်ပြလေ့ရှိပြီး အဓိကအားဖြင့် ပြည်တွင်း တရားစီရင်ရေးနဲ့ မလုံလောက်ဘဲ နိုင်ငံတကာ တရားစီရင်ရေး လိုအပ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။
“ကျမတို့ဘက်က ယူအန်ကို အထူးကိစ္စတွေ တင်လေ့ရှိတယ်။ ဒီလိုကိစ္စမျိုးတွေဖြစ်ရင် ဒါမှမဟုတ် တခြား လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံရတဲ့ကိစ္စမျိုးတွေ ကျမတို့ဒါက ရီပို့အနေနဲ့ တက်လေ့ရှိတယ်။ နောက် IIMM လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေးယန္တရားကိုလည်း ကျမတို့ အမှုအခင်းဖြစ်စဉ်တွေကို တင်လေ့ရှိတယ်။ ကျမတို့ နိုင်ငံတကာနဲ့တွေ့တဲ့အခါမှာ၊ ပြောတဲ့အခါမှာ ဒါတွေကို အဓိကထားပြီး ပြောလေ့ရှိတယ်။ အဓိကက ကျတို့က ပြည်တွင်း တရားစီရင်ရေးနဲ့ မလုံလောက်တဲ့အတွက် ကျမတို့က ပြည်ပ တရားစီရင်ရေးယန္တရားကို အဓိက သွားတဲ့ပုံစံပေါ့။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ခြောက်မြို့နယ်က ကလေးသူငယ် ၂၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်တာ၊ မတ်လ ၆ ရက်က ပေါက်မြို့နယ်မှာ ၄ နှစ်အရွယ်ကလေးကို သတ်ဖြတ်တာ အပါဝင် အလိုရှိသူတွေကို ဖမ်းမမိလို့ မိသားစုဝင်ဖြစ်တဲ့ ကလေးသူငယ်တွေ၊ သက်ကြီး ရွယ်အိုတွေကို ဓားစာခံအဖြစ် ဖမ်းဆီးတဲ့ အလုပ်ရပ်ဟာ စစ်ကောင်စီရဲ့ သူရဲဘောကြောင်စွာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ကြောင်းလည်း NUG က ထုတ်ပြန်ထားပါတယ်။
NUG အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ၁၈ နှစ်အောက် ကလေး သူငယ်ဦးရေမှာ ဧပြီ ၄ ရက်အထိ ၁၃၂ ဦး၊ ဖမ်းဆီးခံထားရသူဦးရေ ဧပြီ ၁ ရက်အထိ ၂၁၆ ဦးရှိပြီလို့ သိရပြီး ဖမ်းဆီးခံထားရသူတွေထဲက ၂ ဦးကတော့ သေဒဏ်ချမှတ်ခံထားရပြီး အသက် ၁၅ နှစ်အောက် တစ်ဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေကို သတ်ဖြတ်၊ မတရားဖမ်းဆီးထောင်ချတာ၊ ကလေးငယ်တွေကို ပြန်ပေးဆွဲပြီး မိဘကို လာရောက်အဖမ်းခံခိုင်းတာတွေစတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချက်ပြီး အဆိုပါ ဖြစ်ရပ်တိုင်းမှာ တစုံတရာပါဝင်ပတ်သက်သူတွေအားလုံးကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ ထိုက်သင့်တဲ့ တရားစီရင်မှု ပြုလုပ်နိုင်ရေး အစွမ်းကုန် ကြိုးစားသွားမယ်လို့ NUG က ထုတ်ပြန်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေ အားလုံးရဲ့ လုံခြုံရေး၊ အသက်ရှင်သန်နိုင်ရေး တို့ကိုငဲ့ကွက်ကာ အကြမ်းဖက်စစ်ကောင်စီအပေါ် ထိရောက်ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်ကြဖို့လည်း NUG က တိုက်တွန်းထားပါတယ်။