ယူကရိန်းကို နောက်ထပ်လက်နက်ပံ့ပိုးပေးရန် နေတိုးအဖွဲ့ဝင်နိုင်ငံများ သဘောတူ

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုး အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းကို နောက်ထပ် လက်နက်တွေ ပံ့ပိုးပေးဖို့ သဘောတူလိုက်ပြီလို့ ရိုက်တာသတင်းမှာရေးပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဧပြီ ၇ ရက် ပြီးဆုံးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၂ရက်ကြာ အစည်းအဝေးအတွင်း ဆုံးဖြတ်ချက် ချလိုက်ကြတာဖြစ်ပြီး နေတိုးရဲ့ ဆုံးဖြတ်ချက်ထဲမှာ အသေးစိတ် ကတိကဝတ်တွေတော့ မပါသေးပါဘူး။
နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ ယူကရိန်းကို မတူကွဲပြားတဲ့ လက်နက်တွေ ပံ့ပိုးနေခဲ့ပြီးပြီလို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က ပြောပါတယ်။
ဒီအစည်းအဝေးကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ခူလေဘာကိုလည်း ဖိတ်ကြားခဲ့ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ယူကရိန်းကို စစ်ရေးအထောက်အပံ့တွေနဲ့ လက်နက်တွေပိုပြီး ပို့ပေးကြဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ဆော်ဩခဲ့ပါတယ်။
ရုရှားအပေါ် ဒဏ်ခတ်တာတွေအားဖြည့်လုပ်ဆောင်ကြဖို့လည်း ခူလေဘာက နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ဆော်ဩခဲ့ပါတယ်။
ယူကရိန်းကို နောက်ထပ်လက်နက်တွေ ပံ့ပိုးရေးကိစ္စနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေ သဘောထားကွဲလွဲနေဆဲပဲလို့ အကဲခတ်တွေက ပြောပါတယ်။
ယူကရိန်းကို လက်နက်တွေ ပံ့ပိုးဖို့ ပိုလန်နဲ့ လစ်သူအေးနီးယားတို့က နေတိုးကို တိုက်တွန်းပေမဲ့ ဂျာမနီအပါအဝင် တချို့ နိုင်ငံတွေကတော့ ပဋိပက္ခထဲမှာ သိပ်များများ ပါဝင်ပတ်သက်ဖို့ မလိုလားဘဲ သတိနဲ့ နေနေကြတယ်လို့လည်း မီဒီယာ တွေက သုံးသပ်ဖော်ပြပါတယ်။
နေတိုးက ယူကရိန်းကို နောက်ထပ်စစ်ရေး အထောက်အပံ့ပေးဖို့ ဆုံးဖြတ်ချက်ဟာ အကူအညီရမှာ မဟုတ်ဘဲ ရုရှား- ယူကရိန်း ညှိုနှိုင်းဆွေးနွေးပွဲကို အဖျက်သဘော သက်ရောက်စေ လိမ့်မယ်လို့ ရုရှား သမ္မတရုံး ပြန်ကြားရေး အတွင်းဝန် ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။