ထိုင်း-မြန်မာနယ်စပ်တွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၆ ဦးဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖမြို့နယ်မှာ ဧပြီ ၈ ရက် မနေ့ ည ၁၂ နာရီလောက်က တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၆ ယောက် ဖမ်းဆီးမိတယ်လို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။
တာခ်ခရိုင်နယ်စပ်ကနေတဆင့် ထိုင်းမြို့ကြီးတွေဘက်ကို ဦးတည်သွားကြမယ့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ဖုတ်ဖမြို့နယ် ဖါးကကြိုရွာအနီးမှာ ထိုင်းစစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးမိခဲ့တာပါ။
ဖမ်းမိတဲ့အထဲမှာ တရားမဝင်အထောက်ထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား အမျိုးသား ၂၄ ယောက်၊ အမျိုးသမီး ၁၇ ယောက်၊ မိန်းကလေးငယ် ၂ ယောက်နဲ့ ကလေးငယ် ၃ ယောက် စုစုပေါင်း ၄၆ ယောက် ပါဝင်ပြီး လူကုန်ကူးရာမှာ အသုံးပြုတဲ့ ကား ၁ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးအပြင် စိတ်ကြွမူးယစ်ဆေးပြား ၄ လုံးကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။
တရားမဝင်အထောက်ထားမဲ့ ဖမ်းဆီးခံရသူတွေကို ထိုင်းနိုင်ငံ ရောဂါကူးစက်ရောဂါနှိမ်နင်းရေး ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ရှိ မရှိစစ်ဆေးကာ ဖုတ်ဖမြို့ရဲစခန်းကို လွဲပြောင်းပို့ဆောင်လိုက်ပြီး ထိုင်းနိုင်ငံ ဥပဒေ အတိုင်းအရေးယူဖို့ ရှိနေပါတယ်။