ပါကစ္စတန်ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်

ပါကစ္စတန်လွှတ်တော်မှာ ဧပြီ ၉ ရက်ညသန်းခေါင်ယံ အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုမှာ ဝန်ကြီးချုပ် အင်မရန်ခန်း ရှုံးနိမ့်ခဲ့တာကြောင့် ရာထူးမှ ထုတ်ပယ်ကြောင်း အောက်လွှတ်ဥက္ကဋ္ဌက ဧပြီ ၁၀ ရက်မှာ ကြေညာပါတယ်။
ပါကစ္စတန်သမိုင်းမှာ အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုကနေ ဖယ်ရှားခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သွားပါတယ်။
အောက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုကို အသက် ၆၉ နှစ်ရှိ မစ္စတာခန်း ကိုယ်တိုင် မတက်ရောက်ပါဘူး။
သူ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဝန်ကြီးချုပ် ရှုံးနိမ့်ပြီနောက် ဒေါသထွက်ပြီး ခန်းမထဲက ထွက်သွားပါတယ်။
ကမ္ဘာ့ချန်ပီယံ ခရစ်ကက်ကစားသမားဟောင်း ခန်းကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားဖို့ အမေရိကန်က ပူးပေါင်းကြံစည်ခဲ့တာလို့ သူ့ပါတီဝင်တွေက ယုံကြည်နေပါတယ်။
အမျိုးသားလွှတ်တော် အဖွဲ့ဝင် ၃၄၂ ဦးအနက် ၁၇၂ မဲကျော်ရင် ဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်မှာဖြစ်ပြီး အခု ဆိုရှစ်လစ်ရိန်းဘိုးပါတီ၊ လစ်ဘရယ်နဲ့ အစွန်းရောက်ဘာသာရေးပါတီ ညွန့်ပေါင်း အတိုက်အခံတွေက ၁၇၄ မဲ ရရှိခဲ့တာပါ။
အတိုက်အခံအုပ်စုက ဝန်ကြီးချုပ်ဟာ ရွေးကောက်ပွဲမတိုင်မီ ကတိကဝတ်တွေ မဆောင်ရွက်နိုင်ဘဲ တိုင်းပြည်စီးပွားရေး ပိုဆိုးစေခဲ့တယ်လို့ အပြစ်တင်နေတာပါ။
ဝန်ကြီးချုပ်သစ်နေရာအတွက် ရှေ့ဆုံးရေပန်းစားနေတာက အတိုက်အခံခေါင်းဆာင် အသက် ၇၀ နှစ်ရှိ ရှာဘတ်ဇ် ရှရိဖ် ပါ။
ရှာဘတ်ဇ်က ဝန်ကြီးချုပ်သုံးကြိမ်တာဝန်ယူခဲ့တဲ့ နဝပ်ဇ် ရှရိဖ်ရဲ့ညီဖြစ်ပြီး အုပ်ချုပ်ရေး ကျွမ်းကျင်တယ်လို့ နာမည်ကြီးသူ ဖြစ်ပါတယ်။