close

ပါကစ္စတန်ဝန်ကြီးချုပ်ကို ရာထူးဖြုတ်မချနိုင်စေရန် လွှတ်တော်ဖျက်သိမ်း

ပါကစ္စတန်ဝန်ကြီးချုပ်ကို ရာထူးက ဖြုတ်မချနိုင်အောင် ဟန့်တားဖို့ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးတဲ့နောက် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူတွေ စောင့်နေခဲ့ကြပါတယ်။

အရင်အပတ်က ဝန်ကြီးချုပ် ခန်းဟာ လွှတ်တော်အတွင်း နေရာအများစုကို ဆုံးရှုံးခဲ့အပြီး ခုတော့ အတိုက်အခံတွေက တင်သွင်းတဲ့ အယုံအကြည်မရှိ အဆိုကို ဧပြီ ၃ ရက်က ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမဲ့ ခန်းရဲ့ ပါတီဝင် လွှတ်တော် ဒုဥက္ကဋ္ဌက ဒီအဆိုတင်သွင်းမှုဟာ နိုင်ငံခြားက လျှို့ဝှက်ပူးပေါင်း ကြံစည်တာဖြစ်ပြီး အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြောရင်း အဆိုကို ဟန့်တား ပိတ်ဆို့ ခဲ့ပါတယ်။ တကယ်လို့ အဆိုတင်နိုင်ခဲ့ရင် ဝန်ကြီးချုပ် ခန်းဟာ ရှုံးလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြပါတယ်။

ခုတော့ တရားရုံးချုပ်က ခန်းရဲ့ အမှုကို စတင်ကြားနာနေပါပြီ။ တရားရုံးချုပ်က လွှတ်တော်ကို ပြန်လည်ဖွဲ့စည်းဖို့၊ ရွေးကောက်ပွဲအသစ်ကျင်းပရေးတောင်းဆိုဖို့ ဒါမှမဟုတ် ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတာတွေ လုပ်ထားတာ တွေ့ခဲ့ရင် ထပ်အရွေးမခံဖို့ အမိန့်ချမှတ် နိုင်တယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

တကယ်လို့ အတိုက်အခံတွေက နိုင်ငံခြားဩဇာခံ လုပ်ဆောင်နေတာဆိုရင် သူတို့အားလုံး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဆူပူအုံကြွမှုတွေနဲ့ ဒုက္ခတွေ့ကြလိမ့်မယ်လို့ မြို့တော် အစ္စလာမာဘတ်က တရားရေးပညာရှင် ဆာဖီအူလာဂျီဟောင်ရီက ပြောပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်က သူ့ကိုဖြုတ်ချရေး အတိုက်အခံတွေကို တိုက်ရိုက်ဩဇာလွှမ်းဖို့ ကြိုးစားတဲ့ နိုင်ငံခြားအဖွဲ့အစည်း ရှိတယ်ဆိုတာ သက်သေမပြနိုင်ရင် သူကိုယ်တိုင် နိုင်ငံတော် သစ္စာဖောက်မှုကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆက်ပြောပါတယ်။

ဝန်ကြီးချုပ် ခန်းကတော့ အခြေခံဥပဒေနဲ့မညီတာ သူဘာမှ မလုပ်ထားဘူးလို့ပြောပါတယ်။ သူ့ကို ဖြုတ်ချရေး အကွက်ရွှေ့တာဟာ အမေရိကန်က ကြိုးကိုင်တဲ့ ကြံစည်မှုလို့ စွပ်စွဲထားပေမယ့် အမေရိကန် အစိုးရကတော့ စွဲချက်ကို ငြင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up